အိန္ဒိယ ဂူဂျာရတ်ပြည်နယ်ရှိ ဒေါဒိုရွာကို အကောင်းဆုံးခရီးသွားရွာအဖြစ် ကုလသတ်မှတ်

အိန္ဒိယ ဂူဂျာရတ်ပြည်နယ်ရှိ ဒေါဒိုရွာကို အကောင်းဆုံးခရီးသွားရွာအဖြစ် ကုလသတ်မှတ်

ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ကွတ်ချ်ခရိုင်ရှိ ဒေါဒိုကျေးရွာအား ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအင်္ဂါရပ်များနှင့်ကိုက်ညီသဖြင့် အကောင်းဆုံးခရီးသွားကျေးရွာအဖြစ် သတ်မှတ်လိုက်ကြောင်း  တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါဒိုရွာသည် ကျယ်ပြောလှသော ကွတ်ချ်ခရိုင်သဲကန္တာရအတွင်း တည်ရှိသော သာယာအေးချမ်းသည့် ရွာတစ်ရွာဖြစ်ပြီး နှစ်စဉ် ကန္တာရပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။ အရောင်အသွေးစုံလင်လှသော ယဉ်ကျေးမှုပွဲတော်သည် ဒေသ၏ရိုးရာအနုပညာ၊ ဂီတနှင့်လက်မှုပညာပြပွဲအတွက် ခမ်းနားသော စင်မြင့်ပမာဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ဧည့်သည်များသည်  စွဲမက်ဖွယ်ကောင်းသော ကွတ်ခရိုင်သဲကန္တာရနောက်ခံမြင်ကွင်းနှင့်အတူ  ဒေသတွင်း ယဉ်ကျေးမှုကို ခံစားရန် ထူးခြားသော အခွင့်အရေးရရှိကြသည်။

ဒေါဒိုရွာအား အကောင်းဆုံးခရီးသွားကျေးရွာ အဖြစ်အသိအမှတ်ပြုခံရမှုသည် ဒေသ၏စီးပွားရေးကို များစွာ သက်ရောက်မှုရှိပြီး ဒေါဒိုတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် သဲကန္တရပွဲတော်သည် ဒေသတွင်းစီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ ၂၀၂၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပွဲတော်မှ အခွန်ငွေ ရူပီး ၄၆၈ ကုဋေ ရရှိခဲ့သည်။ အဆိုပါပွဲတော်သို့ အိန္ဒိယခရီးသွား ၉၈ ၀၀၀ ကျော်နှင့် နိုင်ငံတကာခရီးသွား ၇ ၄၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး အဓိက ခရီးသွားနေရာတစ်ခုအဖြစ် ၎င်း၏ အရေးပါမှုကို ပြသနိုင်ခဲ့သည်။

ဒေါဒိုရွာဒေသခံအသိုက်အဝန်းသည်ကျေးရွာ၏အသွင်ပြောင်းလဲမှုတွင်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ရိုးရာလက်မှုပစ္စည်းများနှင့် ဧည့်ဝတ်ကျေပွန်မှုများတွင် ဒေသခံများတက်ကြွစွာပါဝင်မှုသည် ခရီးသွားဧည့်သည်များအတွက် စစ်မှန်သောအတွေ့အကြုံကို ရစေသလို ဒေသတွင်းစီးပွားရေးကိုလည်း အထောက်အကူဖြစ်စေသည်။
ဂူဂျာရတ်ပြည်နယ်အစိုးရသည် ဒေါဒိုရွာ၏ အလားအလာကို အသိအမှတ်ပြုပြီး နှစ်စဉ် သဲကန္တာရပွဲတော်ကို ကျင်းပခဲ့သည်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ဒေါဒိုရွာအား ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) မှ အသိအမှတ်ပြုခြင်းအတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပြီး ဒေါဒိုရွာ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအလှများကို ဂုဏ်ပြုကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။

UNWTO ၏ အကောင်းဆုံးခရီးသွားကျေးရွာဆုသည် မတူညီကွဲပြားသောနယ်ပယ်များရှိ ထူးထူးခြားခြား ဆောင်ရွက်နိုင်စွမ်းရှိသည့် ကျေးရွာများကို ဂုဏ်ပြုသည့် ဂုဏ်သိက္ခာရှိသော အသိအမှတ်ပြုမှုတစ်ခုဖြစ်သည်။

ယင်းတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊  မူလရှုခင်းများကို ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ မြှင့်တင်ရေးနှင့် ဒေသတန်ဖိုးများနှင့် ရိုးရာဟင်းချက်နည်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ ပါဝင်သည်။

စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များနှင့် တန်ဖိုးကွင်းဆက်ပေါင်းစည်းမှုတို့ ပါဝင်သော အဓိက စံသတ်မှတ်ချက် ကိုးခုကို အဓိကထားသည့် အကဲဖြတ်ခြင်းလုပ်ငန်းစဉ်သည် ထူးခြားသော ကျေးလက်ခရီးသွားနေရာများကို ဖော်ထုတ်ကာ ဂုဏ်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly