နယူးဒေလီတွင်  ဇိုမီးရိုးရာ ခွါဒိုပွဲတော် ကျင်းပ

By ကိုခင်မောင် (မဇ္ဈိမ)
05 October 2023
နယူးဒေလီတွင်  ဇိုမီးရိုးရာ ခွါဒိုပွဲတော် ကျင်းပ
ဓာတ်ပုံအညွှန်း။   ။ နယူးဒေလီမြို့တွင် ခွါဒိုပွဲတော် ကျင်းပသည့်မြင်ကွင်း

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇိုမီးရိုးရာ ခွါဒိုပွဲတော်ကို Zomi Innkuan Delhi အဖွဲ့ က ဦးဆောင်ပြီး  ယနေ့ အောက်တိုဘာ ၅ရက်တွင်  ကျင်းပခဲ့ကြသည်။ 

Hastsal Vikasnagar ရပ်ကွက်ရှိ Rajdhani Greensတွင် ကျင်းပခြင်းဖြစ်သည်။

"တနှစ်မှာတခါသာ ကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့အလွန်တန်ဖိုးထားတာပါ။ ကောက်သစ်ရိတ်သိမ်းပြီးချိန်မှာ ကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် အခုချိန်ရွာတွေမှာနေတဲ့သူတွေက အိမ်ထောင်စုမျိုးနွယ်အလိုက် ထမင်းဝိုင်းလေးလုပ်ကာ ပွဲကိုကျင်းပကြတာပါ။အရင်တုန်းကတော့ အခုလိုနေ့မျိုးမှာ နတ်ပူဇော်ကြတယ်။ အခု ကျွန်တော်တို့ ခရစ်ယာန်ဖြစ်ပြီးနောက်ပိုင်း နတ်ပူဇော်တာတွေ မလုပ်တော့ပါဘူး။
 
ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းကြတယ်။ ဒေသတွင်းအေးချမ်းသာယာရေးအတွက် ဆုပွဲတောင်းပွဲတွေလုပ်ကြပါတယ်။ ခေတ်ပြောင်းလာတာနဲ့အမျှ ကျင်းပတဲ့ပုံစံပြောင်းလာပေမယ့် အနှစ်သာရကတော့ အတူတူပဲဖြစ်ပါတယ်” ခွါဒိုပွဲတော် ကျင်းပရေး ဦးဆောင်ကော်မီတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ 

ဇိုမီးဘာသာဖြင့် ခွာဒို ဟုခေါ်သည့် ကောက်သစ်စားပွဲတော်သည် ချင်းလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ပွဲတော်တခုဖြစ်သည်။ တောင်ယာ ရိတ်သိမ်းပြီးသည့် အချိန်တွင် တောင်ယာနီးချင်း ဆွေမျိုးများနှင့် စုပေါင်းစားသောက်ကြကာ နောင်နှစ်အတွက် သီးနှံများအောင်မြင်စေရန် ရိုးရာနတ်များကိုပူဇော်ပသကြသည့် ရိုးရာပွဲတော်ဖြစ်သည်။

ယနေ့ ကျင်းပသည့် ခွါဒိုပွဲတော်သို့ လူဦးရေ ၁,၀၀၀ခန့် တက်ရောက်လာကြသည်။ အခမ်းအနားဦးဆောင်သူများက ခွါဒိုပွဲ‌တော်နေ့အကြောင်း ဟောပြောခြင်း၊ ချင်းရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေခြင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲမှ အနိုင်ရ အားကစားသမားများအား ဆုချီးမြှင့်ခဲ့ကြသည်။ ခွါဒိုပွဲတော်ကို နယူးဒေလီရှိ ဇိုမီးလူမျိုးများအပြင်ပြည်တွင်းနှင့် နိုင်ငံတကာရောက် ဇိုမီးလူမျိုးများက နှစ်စဉ်ကျင်းပကြသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required