အိန္ဒိယသည် တောင်အာရှတွင် အရေးပါဆုံးနိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြောကြား

အိန္ဒိယသည် တောင်အာရှတွင် အရေးပါဆုံးနိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြောကြား

အိန္ဒိယနိုင်ငံသည် တောင်အာရှတွင် အရေးပါဆုံးနိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က ပြောကြားခဲ့ပြီး အိန္ဒိယနှင့် ဖွံ့ဖြိုးဆဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးတွင်  ယုံကြည်မှုအသစ် အပြည့်အဝရယူထားနိုင်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ရာတွင် လွန်စွာအရေးပါသည်ဟု ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် BNN သတင်းတွင် ဖော်ပြထားသည်။ 

ဘင်္ဂလားဒေ့ရှ်အနေဖြင့် လာမည့်ကာလများတွင် နှစ်နိုင်ငံခရီးသွားများအတွက် အိန္ဒိယနိုင်ငံနှင့် ဗီဇာမလိုသည့် ဆက်ဆံရေး ထူထောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Business Standard သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်ဟာဆီနာတို့သည် အပြန်အလှန် ရင်းနှီး နားလည်မှုရှိကြောင်းနှင့် အချုပ်အခြာအာဏာ၊ တန်းတူညီမျှမှု၊ ယုံကြည်မှုနှင့် နားလည်မှုတို့အပေါ် အခြေခံ၍ တည်ဆောက်ထားသော နှစ်နိုင်ငံဆက်ဆံရေးသည် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ပြောကြားခဲ့သည်။

ခိုင်မာသောစီးပွားရေးအခြေခံအုတ်မြစ်ကြောင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် မဟာအခွင့်အလမ်းကြီးဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အားကောင်းခိုင်မာ တက်ကြွသည့် အိန္ဒိယနိုင်ငံကြောင့် ဘင်္ဂလားဒေ့ရှ်တွင် စီးပွားရေးအခွင့်အလမ်းများစွာ ပေါ်ပေါက်လာပြီး ၎င်း၏ ကိုယ်ပိုင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားနေခြင်းကို အပြည့်အဝ အသုံးချရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်ဟု BNN သတင်းတွင် ဖော်ပြထားသည်။ 

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့အကြား ချစ်ကြည်ရေး ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန် အရေးပါသော လမ်းကြောင်းဖြစ်ခဲ့သည်ဟု BNN သတင်းတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မာအားကောင်းလာစေရန်နှင့် ပညာရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ချစ်ကြည်ရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့ကြောင်း Business Standard သတင်းတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆီလက်မြို့တွင် (၄) ရက်ကြာကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝန်ကြီး ၆ ဦးနှင့် လွှတ်တော်အမတ် အယောက်၂၀ နှင့် အိန္ဒိယမှ ကိုယ်စားလှယ် ၁၄၀ တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူများက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly