မိုးဗြဲမြို့အတွင်းမှ စစ်ကောင်စီအထိုင်စခန်းအား ကာကွယ်ရေးပူးပေါင်းတပ် တိုက်ခိုက်မှု ၁၀ ဦးခန့် သေဆုံး

By ဂျူချန်း(မဇ္ဈိမ)
11 October 2023
မိုးဗြဲမြို့အတွင်းမှ စစ်ကောင်စီအထိုင်စခန်းအား ကာကွယ်ရေးပူးပေါင်းတပ် တိုက်ခိုက်မှု ၁၀ ဦးခန့် သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးကာ ၎င်းတို့၏ရဲဘော်တဦးကျဆုံးခဲ့ကြောင်း မိုးဗြဲ Local PDF မှ သတင်းထုတ်ပြန်ထားသည်။

“မျက်မြင် စကစ(စစ်ကောင်စီ)အလောင်းက ငါးလောင်း၊ ခြောက်လောင်းပဲ တွေ့ရပါတယ်။ မမြင်လိုက် တာလည်းရှိမယ်” ဟု တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေးတာဝန်ခံ ခွန်ဖရန့် စစ်က မဇ္ဈိမကိုပြောသည်။

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက် ရထားသံလမ်းအနီးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့်နေရာတွင် ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG)မှ တပ်ဖွဲ့ဝင် အချို့လည်းပါဝင်ကြောင်း ဒီးမော့ဆို PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှစစ်ကူလာသဖြင့် ခဲယမ်းမလုံ လောက်မှုကြောင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဆုတ်ခွာခဲ့ရကြောင်းဆိုသည်။

“ဦးအောင်နိုင် ဦးဆောင်တဲ့ KNG တပ်တွေလည်းပါတယ်။ KNG တပ်က စကစရဲ့ပြည်သူ့စစ်တပ်ဖွဲ့ပါဗျ။ အင်အားက ၄၀၊ ၅၀ လောက်ပဲ။ အစက စခန်းသိမ်းမလို့ စကစရဲ့စစ်ကူထပ်ရောက်လာတော့ ခဲယမ်း မလုံ လောက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်” ဟု ခွန်ဖရန့်စစ်က ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း မိုးဗြဲ Local PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော်မောင်ယောဟန် ကျဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ Local PDF မှ ထုတ် ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် အခြားကာကွယ်ရေးတပ်ဖွဲ့များ ထံ မဇ္ဈိမက ဆက်သွယ်နေဆဲဖြစ်သည်။

ယခုတိုက်ခိုက်မှုကို မိုးဗြဲ Local PDF ၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF ၊ လွိုင်ကော် Local PDF နှင့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)(KNPLF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့တွင် မေလအတွင်းက တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စည်ကား (၁)၊ စည်ကား (၂)၊ ဒုန်းဒူထန်၊ ပေါ်ဦး၊ ပွဲကုန်း၊ ဈေးကုန်း၊ စက်တော်ရာ ရပ်ကွက်များတွင် စစ်ကောင်စီတပ်က တပ်စွဲထားသဖြင့် ဒေသခံများ နေအိမ်မပြန်နိုင်သည်မှာ ငါးလခန့်ရှိပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly