မိုးဗြဲ PDF အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၂) အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်

By ကိုဇာနည် (မဇ္ဈိမ)
16 August 2023
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၂) အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ အထူးမွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဇူလိုင်လ ၂၂ ရက်မှ သြဂုတ်လ ၁၂ ရက်နေ့အထိ အခက်အခဲများကြားမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း မိုးဗြဲ PDF က  သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သင်တန်းအတွင်း ရဲဘော်များကိုယ်ခံပညာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ကို အဓိကထား ပို့ချ လေ့ကျင့်စေကာ အခက်အခဲများကြောင့် သင်တန်းကာလ ၂၀ ရက်သာ သတ်မှတ်ပြီး ရဲဘော် ၃၂ ဦးဖြင့်သာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အမှတ် (၁၀၀၁) MBPDF ရဲ့ အဓိကစစ်ရေးလှုပ်ရှားနေရတဲ့ မိုးဗြဲမြို့အတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲဖော်ဆောင်မှု မပြုလုပ်သေးပေမဲ့ မစ်ရှင်အသေးစားတွေနဲ့ စကစတပ်ကို တိုက်ခိုက်နေ ပါတယ်။ နောက်ထပ် အထူးမွမ်းမံသင်တန်းပြုလုပ်နိုင်ရေးနဲ့ လိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်း အချို့ ဖြည့်တင်းနိုင်ရေးအတွက် အကူအညီများစွာလိုအပ်နေပါသေးတယ်” ဟု မိုးဗြဲ PDF ထောက်ပို့ တာဝန်ရှိသူတဦးကပြောသည်။

မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အဓိက လိုအပ်လျှက်ရှိသော လက်နက်၊ ခဲယမ်းများနှင့် စစ်ရေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစုဆောင်းနိုင်ရန် အလှူရှင်များ၏ ကူညီမှုရရှိမှသာ ဝယ်ယူနိုင်မည်ဖြစ် သည့်အတွက် ပြည်တွင်းပြည်ပမှအလှူရှင်များအား အမှတ် (၁၀၀၁)၊ MBPDF ကို ထောက်ပံ့ကူညီပေး ကြပို့ မေတ္တာရပ်ခံကြောင်းဆိုထားသည်။

ရှမ်း-ကယားနယ်စပ်လမ်းမတလျောက်တွင် ပြီးခဲ့သည့်ဇူလိုင်လက စစ်ကောင်စီတပ်နှင့် ဒေသခံ ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲမြို့အတွင်း နေရာအနှံ့တွင် စစ်ကောင်စီတပ်မှ နေရာထားပြီး ဒေသခံပြည်သူများ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကိုစခန်းချနေရာယူထားသည့်အတွက် ဒေသခံပြည်သူများ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required