သံတမန်ယာဉ်တန်း တိုက်ခိုက်ခံမှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချ

သံတမန်ယာဉ်တန်း တိုက်ခိုက်ခံမှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချ

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံသံတမန်များ တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် တောင်းဆိုထားကြပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့ လာတဲ့ အာဆီယံသံတမန်တွေရဲ့ ယာဉ်တန်းက မေလ ၈ ရက်နေ့ မနက်ပိုင်း က ပစ်ခတ်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးမတိုင်ခင်မှာပဲ ဖြစ်ခဲ့တာပါ။ 

စစ်တပ်အစောင့်အကြပ်နဲ့သွားတဲ့ အာဆီယံလူသားချင်းစာနာကူညီမှု ညှိနှိုင်းဆောင်ရွက်ရေးဌာန AHA Center ရဲ့ယာဉ်တန်း ပစ်ခတ်ခံရမှုသတင်းအပေါ်မှာ အလွန်တရာစိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ဆိုခွင့်ရှိသူ Matthew Miller က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုတာတွေကြောင့် မြေပြင်မှာ မတည်ငြိမ်မှုပိုဖြစ်လာချိန်မှာပဲ ရှမ်းပြည်မှာ အခုလို အာဆီယံယာဉ်တန်းပစ်ခတ်ခံရတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သံတမန်တွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို စစ်ကောင်စီအနေနဲ့ လိုက်နာဖို့ တာဝန်ရှိတယ်လို့လည်းဖော်ပြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly