ချိုးဖြူပြောက်ကျားတပ်ဖွဲ့ -JPGFဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

By ဂျူနို (မဇ္ဈိမ)
08 March 2023
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ -JPGFဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော  ချိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့(JPGF)၏ တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း(၁)နှစ်ပြည့်တပ်မွေးနေ့အခမ်းအနားကို  မတ်လ ၇ ရက်နေ့က အကျဉ်းချုံး ကျင်းပခဲ့ကြောင်း သိရသည်။ 

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ကို၂၀၂၂ခုနှစ် မတ်လ ၇ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့မတ်လ ၇ရက်က တပ်ဖွဲ့ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။ 

အခမ်းအနားတွင် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု -S.S.L.R.Uမှ တာဝန်ခံနှင့်စခန်းတာဝန်ခံက မိန့်ခွန်းပြောကြားခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသော ရဲဘော် ခုနှစ်ဦးအားရည်စူးကာ အာရုဏ်ဆွမ်းကပ်လှူပူဇော်ခဲ့သည်။ 

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုနှင့် 1009(IPDF)တပ်ရင်းကလည်း JPGFအဖွဲ့၏  တော်လှန်ရေးကာလအတွင်း အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံအား ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရဲဘော်များ၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုတို့အားဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ထို့အပြင် JPGF၏ ထောက်ပို့ရဲဘော် ဦးနေ(ခေါ်) ဦးနေသူရိန်က M4 ကာဘိုင်သေနတ်တလက်အား JPGF ၏ (၁)နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ချိုးဖြူ မြို့ပြပြောက်ကျားတပ်ဖွဲ့(JPGF)သည် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U ၏ တပ်ခွဲတစ်ခုဖြစ်သည်။ JPGFကို၂၀၂၂ခုနှစ် မတ်လ ၇ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ယင်းမတိုင်မီက  ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် လှုပ်ရှားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၌ တော်လှန်ရေးအရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ရှမ်းတောင်အခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အသွင်ဖြင့် လှုပ်ရှားခဲ့သည်။ 

လက်ရှိတွင် JPGFသည် ရှမ်းတောင်နှင့်ကရင်နီဒေသများတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရှေ့တန်းတိုက်ပွဲအတွေ့အကြုံများ သင်ယူလေ့လာလျက်ရှိသည်ဟု JPGF ကဆိုသည်။ 

“ချိုးဖြူတပ်ဖွဲ့ရဲ့ ရှေ့မျှော်မှန်းချက်က နွေဦးတော်လှန်ရေးအောင်ပွဲပါ။ တော်လှန်ရေးအောင်ဖို့
မနှစ်ကထက်ပိုမိုကြိုစားသွားမှာပါ”ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ -JPGF  ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required