မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရ၊ နှစ်ဖက် ထိခိုက်မှုရှိ

By ဂျူချန်း (မဇ္ဈိမ)
30 May 2023
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရ၊ နှစ်ဖက် ထိခိုက်မှုရှိ

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုအား မေလ ၂၇ ရက်နေ့က  ကာကွယ်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မိုးဗြဲမြို့နယ်၊ လယ်ထွန်ကျေးရွာတောင်ဘက် စောင်ကမ်းလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းနှင့် မိုးဗြဲမြို့၊  ညောင်းဝိုင်းရပ်ကွက်ရှိ ကင်းစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း၊ စောင်ကမ်းလမ်းခွဲရှိကင်းစခန်းအား ယင်းနေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဖယ်ခုံ PDF တပ်ရင်း(၂)၊ KNDF-B-02 ၊ KNDF-B-03 ၊ URF မြို့ပြတော်လှန်ရေးတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကင်းစခန်းအားသိမ်းပိုက်လုနီးပါးတွင် စခန်းပတ်လည်၌ထောင်ထားသည့် မိုင်းများအားနင်းမိခြင်း၊ လေကြောင်းသုံး တိုက်ခိုက်ခံရခြင်းများကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) ရဲဘော်တဦးထံမှ သိရ သည်။

“ခြေပြတ်တာတော့ KNDF က နှစ်ယောက်ပြတ်တယ်။ ကျနော်တို့ဘက်ကလည်း တယောက်ပြတ်တယ်။ ပြီးတော့တယောက်ကျတယ်။ ဒဏ်ရာအကြီးအကျယ်ထိတာ ငါးယောက်ရှိတယ်။ အသေးအမွှားတွေ လည်းခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ သေနတ်သုံးလက်လည်း ဆုံးရှုံးခဲ့တယ်”ဟု ၎င်းကပြော သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများအား ကုသပေးလျက်ရှိရာ ဆေးဝါးများနှင့် လက်နက်ကျည်ဆံများ လိုအပ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“ကိုယ့်လူတွေ၊ ကိုယ့်သူငယ်ချင်းတွေ ကျသွားတာကိုမြင်နေရတာ ကျနော်ကတော့ သွေးမအေးဘူး။ တယောက်တည်းကျန်လည်း တစ်ယောက်တည်း တိုက်မယ်” ဟု အဆိုပါရဲဘော်က ပြောသည်။

အလားတူ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား ယင်း‌နေ့ နံနက် ၅ နာရီခန့်တွင် မိုးဗြဲ PDF ၊ KNDF နှင့် မြို့ပြတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမတ (၄၂၂) မှလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် အသက်သုံးနှစ်အရွယ်ကလေးငယ်တဦးနှင့် အသက် ၄၀ အရွယ် အမျိုး သားတဦးသေဆုံးခဲ့ကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ်အမြောက်အမြားလည်း ထိခိုက်ပျက်စီးခဲ့ရ ကြောင်း မိုးဗြဲ PDF တာဝန်ခံ ကိုနေကောင်းက ပြောသည်။ 

မေလ ၂၇ ရက်နေ့တွင်ပင် အမတ(၄၂၂) တပ်ရင်းအနီးရှိ တောင်ယာသို့သွားသည့် အသက် ၃၀ နှစ် အရွယ် အမျိုးသားတဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သေးသည်။

မေလ ၂၈ ရက် နံနက် ၄ နာရီခန့်တွင်လည်း မိုးဗြဲမြို့အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုအား စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက် ည ၉ နာရီဝန်းကျင်ကလည်း မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် (၄၂၂) တပ်ရင်းမှ လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ နေအိမ်ပျက်စီးမှုများရှိကြောင်း ကိုနေကောင်း က ပြောသည်။

လက်ရှိတွင် မိုးဗြဲမြို့ပေါ်မှ ပြည်သူအများစုမှာ စစ်ဘေးရှောင်နေကြပြီး အချို့လည်း ဆက်လက်နေထိုင်ဆဲ ဖြစ်ကြောင်း သိရသည်။

ရှမ်း-ကရင်နီနယ်စပ်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား  တိုက်ပွဲများ မကြာ ခဏဖြစ်ပွားလေ့ရှိရာ တိုက်ပွဲဖြစ်သည့် အကြိမ်တိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းသုံး ကာ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required