မြန်မာအမျိုးသမီးတွေ အကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်း တင်ပြ

By မဇ္ဈိမ 
06 October 2023
မြန်မာအမျိုးသမီးတွေ အကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်း တင်ပြ

စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်လာပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ခိုလှုံကြတဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၄ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးပွဲမှာ အဲဒီလို တိုက်တွန်းတာပါ။
ဒါ့အပြင် မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

စစ်တပ်မှ တရားမဝင်ကွပ်မျက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီး‌တွေရဲ့ ရုပ်အလောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကိုက်ညီတဲ့ ဒဏ်ရာများ တွေ့ရှိရပြီး အခုလို လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ရမှာဖြစ်တယ်လို့ သံအမတ်ကြီးက  ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့  အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြည်တွင်း NGO များ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် အခြားမိတ်ဖက့တွေနဲ့အတူ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များကို ကာကွယ်ပေးပြီး ၎င်းတို့ရဲ့ အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့သူများအတွက် လိုအပ်တဲ့ အကူအညီများ ပေးနေတယ်လို့လည်း ကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးပြောကြားခဲ့ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ ရဲ့ အချက်အလက်စုစည်းချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ သေဆုံးသူအမျိုးသမီးစုစုပေါင်း (၆၁၄) ဦး ထိ ရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့  ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ အမျိုးသမီး (၃၁၇၅) ဦး ထိ ရှိတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်အာဏာသိမ်း ကာလအတွင်း အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ နဲ့ သေဆုံးသူတို့မှာ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ု အချက်အလက်များကို အဓိကမှီငြမ်း ကိုးကားထားတာဖြစ်တဲ့အပြင် ခိုင်လုံတဲံ သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားတဲ့ သတင်း အချက်အလက် များအပေါ် အခြေခံပြီး  မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြထားခြင်း ဖြစ်ပါတယ်။

လက်တွေ့မြေပြင် အခြေအနေမှာ သတင်းအချက်အလက် စီးဆင်းမှုစိန်ခေါ်မှုများ ရှိပြီး လက်လှမ်းမီရန် အခက်အခဲများ တာကြောင့် ကိန်းဂဏန်းတွေဟာ ယခုထက်ပို များနိုင်တယ်လို့လည်းဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာနိုင်ငံသားတွေအပေါ် တာဝန်မပျက်ကွက်စေရေးနဲ့  မြန်မာပြည်သူပြည်သားတွေကို ချန်လှပ်မထားခဲ့စေရေးမျိုး မဖြစ်ရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကျပ်အတည်းကို အပြည့်အဝဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃ ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဒုတိယကော်မတီအစည်းအဝေးမှာ စစ်အာဏာရှင်တွေဟာ တိုင်းပြည် ကို အုပ်လည်း မအုပ်ချုပ်နိုင်၊ စီးပွားရေးကိုလည်း စီမံ မခန့်ခွဲနိုင်တဲ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မပေးစွမ်းနိုင်တာ ထင်ရှားတဲ့အကြောင်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားပါ တယ်။

ဒီအတွက်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ မြန်မာပြည်သူ ပြည်သားတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required