မတူပီမြို့သို့ စစ်ကောင်စီထိပ်ပိုင်းအကြီးအကဲများလာမည်ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရဟုဆို

မတူပီမြို့သို့ စစ်ကောင်စီထိပ်ပိုင်းအကြီးအကဲများလာမည်ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့သို့ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်လာမည် ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရသည်ဟု စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။

‘’ပြီးခဲ့တဲ့ ၁၂ရက်နေ့ထဲက မင်းတပ်၊မတူပီ လူကြီးခရီးစဉ် ရှိတယ်ဆိုလို့ ရဟတ်ယာဉ်ဆင်းတဲ့နေရာမှာသွားစောင့်ရတယ်။ ပြီးရင် ရာသီဥတုမကောင်းလို့ မလာဖြစ်ဘူဆိုပြီး ပြန်လာရတယ။ ၊ဒီနေ့နဲ့ဆိုရင် လေးရက်ရှိပြီ ။ လူကြီးတွေကလည်း မတူပီကိုဘာရှိလို့လဲမသိဘူး။ မရောက်ရောက်အောင် လာမယ်ပြောတယ်။အခုကလေးမြို့မှာ စောင့်နေကြတယ်တဲ့၊ရာသီဥတုသာယာတာနဲ့ ချက်ချင်းရဟတ်ယာဉ်နဲ့ တက်လာမယ်ပြောနေတော့ ဒီမှာလည်းဘာမှမလုပ်ရဘဲ စောင့်နေရတယ်’’ဟု ၎င်းကဆိုသည်။

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ဌာနဆိုင်ရာများ လာရောက်ရန်ရှိသဖြင့် ကြိုဆိုကြရန် မတူပီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်စောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဒေါက်တာမှုထန်နှင့်အဖွဲ့သည် ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကီမိုခန်းမသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင်များသည် သက်ဆိုင်ရာ မိမိတို့ပြည်နယ်၊ တိုင်းဒေသအတွင်းသွားရောက်ကြပြီး လူထုတွေ့ဆုံပွဲများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်းလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly