မိုးကုတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ်ကလေး သေဆုံး

By 007(မဇ္စျိမ)
22 September 2023
မိုးကုတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ်ကလေး သေဆုံး
ပုံအညွှန်း-သေဆုံးသွားသည့်ကလေးငယ်နှင့် ဒဏ်ရာရသွားသည့် ကလေးဖခင်ဖြစ်သူပုံ။(ဓာတ်ပုံ-နမ့်ခုံးရှမ်းများပရဟိတအသင်း)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ငါးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

“သားအဖနှစ်ယောက် မနက်စာစားပြီးလို့ အိမ်ထဲအတူထိုင်နေတုန်း အိမ်ပေါ်ကိုလက်နက်ကြီးကျပြီး ပေါက်ကွဲတာ၊ နှစ်ယောက်စလုံးထိကြတယ်၊ ကလေးက ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်ထိတယ်၊ ဖအေဖြစ်သူက ခေါင်းနဲ့လက်တွေမှာ ဒဏ်ရာရတယ်၊ မိုးကုတ်ဆေးရုံကို ပို့ခွင့်မရခဲ့လို့ ကလေးကသွေးထွက်လွန်ပြီး ဆုံးတာ” ဟု ဖြစ်စဉ်သိရှိသည့် အမည်မဖော်လိုသူဒေသခံံတဦးက ပြောသည်။

လက်နက်ကြီးကျည်သည် အိမ်ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သားအဖနှစ်ယောက်စလုံးကို မိုးကုတ်ဆေးရုံပို့ဖို့သယ်တော့၊ စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)က ပေးမသွားဘူး၊ အဲဒါနဲ့ လမ်းသစ်(ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း)ဘက်ကနေ ကျောက်မဲဆေးရုံကိုပို့တာ၊ ကလေးက လမ်းမှာတင်ဆုံးတယ်၊ လူကြီးကတော့ အခု ကျောက်မဲဆေးရုံမှာ၊ ခေါင်းနဲ့လက်တွေ ထိထားတယ်” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုးကုတ်မြို့ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံများကဆိုသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုးကုတ်မြို့နယ်၊ ကုန်းစံကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား  တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

စစ်ကောင်စီဘက်က TNLA ပူးပေါင်းတပ်တို့ တည်ရှိရာ ကုန်းစံကျေးရွာ အနီး၀န်းကျင်နှင့် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကျေးရွာ အနီးတဝိုက်ကို လေကြောင်းမှ ပစ်ခတ်မှုများအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly