တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာ ၂ ပါး ထိခိုက် ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 September 2023
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာ ၂ ပါး ထိခိုက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက် နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်ကင်းကျေးရွာ အခြေစိုက် ခမရ (၅၅၇)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဗောဓိကမ်းရွာ ရတနာဗောဓိဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

 “ကျောင်းခေါင်မိုးပေါ်ကျပြီး ပေါက်ကွဲတာပါ။ တပါးက မဆိုစလောက်လေးထိတယ်၊ တပါးကတော့ လက် မှာ ခုနစ်ချက်လောက် ချုပ်လိုက်ရတယ်”ဟု ဗောဒိကမ်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် သံဃာနှစ်ပါးမှာ တနင်္သာရီမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရ သည်။

“ကျောင်းမှာတော့ အရင်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော် ၃ ပါး သီတင်းသုံးတယ်လို့ သိရတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်က အကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်နေလို့ ဘုန်းကြီးတွေ မနေရဲတော့ဘူး” ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်အတွင်းရှိ ဇဝဲကျေးရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းက ဖာနီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို မော်တုံး(အ‌ရှေ့)ရွာအခြေစိုက်  အမတ (၃၀၆)က လည်း ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာသို့ လက်နက်ကြီးလေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ရှိကျေးရွာအချို့တွင် အရပ်သားများထိခိုက်မှုရှိသလို ၎င်းတို့လက်အောက်ခံ ဝန်ထမ်းမိသားစုများပါ ထိ ခိုက်နေကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly