ကလေးမြို့နယ် ရှားဖိုကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မောင်နှမ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
29 September 2023
ကလေးမြို့နယ် ရှားဖိုကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မောင်နှမ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး
ပုံအညွှန်း - စစ်ကောင်စီတပ်လက်နက်ကြီးကျည်ဆံမှန်၍ သေဆုံးသွားသူများ (ဓါတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ရှားဖိုကျေးရွာတွင် မောင်နှမသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာနှင့် အနီးရှိကျေးရွာများမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်သည် အောင်သာယာကျေးရွာဖက်သို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်လာခဲ့ ရာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ နှစ်ဦးကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ)မှ စက်တင်ဘာလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထား သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း အောင်သာယာကျေးရွာမှ မှန်တောကျေးရွာဖက်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးကျည်ကျလို့ မိသားစုဝင်သုံးဦးသေတယ်၊ မောင်နှမတွေလို့သိရတယ်။ အဲဒါကို မအေဖြစ်သူ ကမြင်ပြီး နှလုံးရပ်သွားတယ်၊ သေပြီထင်လို့ သင်္ချိုင်းကိုသယ်သွားတာ ဟိုရောက်မှ ပြန်သတိလည်လာ တယ်။ နောက်တယောက်က ခြေထောက်ပြတ်သွားတာ၊ ဆေးခန်းသွားရင်း လမ်းမှာသေသွားတာ။ စုစု ပေါင်း လေးယောက်သေဆုံးတယ်လို့ သိရပါတယ်” ဟု ကလေးမြို့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက မဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီးကျည်ဆံသည် ရှားဖိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦးသေဆုံးသွားခဲ့ ခြင်းဖြစ်သည်။

သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် စုံစမ်းနေသော်လည်း တယ်လီဖုန်းလိုင်းများဖြတ်တောက်ထားသဖြင့် မသိရသေးပေ။

လက်နက်ကြီးဖြင့်ပစ်ခတ်သော စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ခွဲနံပါတ်ကို သိရခြင်းမရှိသော်လည်း ၎င်းတို့သည် ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာ၏မြောက်ဖက်ရှိ ကျောက်ခွဲစက်မှပစ်ခတ်နေခြင်းဖြစ် ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်သည် ရှားဖိုကျေးရွာသာမက မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ တင်သားကျေးရွာကိုလည်း ပစ်ခတ်ခဲ့ကြောင်းနှင့် ဆက်သွယ်ရေးအခြေအနေအရ ပျက်စီးထိခိုက်မှုကို မသိရသေးကြောင်း ကာကွယ် ရေးတပ်ဖွဲ့များထံကသိရသည်။

ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် တိုက်ပွဲများရပ်နားနေသော်လည်း ထပ်မံဖြစ်ပွားနိုင်ခြေ ရှိ ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF – KKG ပြန်ကြားရေးဌာနတာဝန်ရှိသူ က ပြောကြားသည်။

စာတည်း။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly