မွန်ပြည်နယ်တွင် တနိုင်တပိုင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

By YT(မဇ္ဈိမ)
17 September 2023
မွန်ပြည်နယ်တွင် တနိုင်တပိုင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ပေါင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သုံးဦးအား စစ်ကောင်စီလက်အောက်ခံရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများအနက် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးမှာ စက် တင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။

သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနှင့် ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ သီတာလမ်းနေ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်း ဆီးခံရခြင်းဖြစ်သည်။

“ထိုင်းဘတ်ကနေ မြန်မာငွေလဲပြီး ထုတ်တာတို့၊ မြန်မာငွေကနေ ထိုင်းဘတ်ပြန်လဲချင်တာတို့၊ KPay ၊ Wave Pay တို့ လုပ်တာပေါ့။ လုပ်ငန်းလိုင်စင်မရှိလို့ ဖမ်းသွားတာတဲ့။ လာဖမ်းတုန်းက ရပ်ကွက်အုပ်ချုပ် ရေးမှူးပါတယ်၊ ရဲတွေပါတယ်။ ပြီးတော့ အရပ်ဝတ်တွေနဲ့လူတွေလည်းပါတယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ ကျိုက်ထိုမြို့ခံက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူအားလုံးသည် ထိုင်း-မြန်မာ ငွေလွှဲ၊ ငွေထုတ်ခြင်းကို တနိုင်တပိုင်လုပ်ကိုင်နေကြသူများဖြစ် ပြီး ၎င်းတို့တွင် တရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင်မရှိကြကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးသုံးဦးလုံးအား ငွေရေးကြေးရေးအဖွဲ့အစည်းများ ဆိုင်ရာဥပဒေ ပုဒ်မ(၁၇၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများကြောင့် တနိုင်တပိုင် အွန်လိုင်းငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ဝန်ဆောင်မှုများ ခေတ္တရပ်ထားရကြောင်း သိရသည်။

“ငြိမ်နေရတယ်။ ထိုင်းက အမနဲ့ချိတ်ပြီး ငွေလွှဲငွေထုတ်လုပ်တာ။ အခုလို ဖမ်းခံရတယ်ကြားတော့ ရပ် ထားတာ။ ဘာမှ မလဲပေးသေးဘူး” ဟု ဘီးလင်းမြို့နယ်မှ အွန်လိုင်းငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly