ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးတင်းကြပ်လာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့

By YT  ( မဇ္ဈိမ)
21 September 2023
ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးတင်းကြပ်လာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့
ဓါတ်ပုံ- လူမှုကွန်ယက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊  မရမ်းချောင်ကျေးရွာ၊ မြဝတီ-ရန်ကုန်ကားလမ်းမပေါ်ရှိ မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်(ကွာလီဂိတ်)တွင် အစစ်ဆေးတင်းကြပ်လာသဖြင့် နေ့စဉ် ကားအစီးရေ ရာနှင့်ချီ ပိတ်ဆို့မှုဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စက်တင်ဘာလ ပထမပတ်မှစ၍ မရမ်းချောင်စစ်ဆေးရေးဂိတ်(ကွာလီဂိတ်)တွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ရန်ကုန်သို့သွားမည့် အိမ်စီးကား၊ ကုန်တင်ကား၊ ခရီးသည်တင်ကား များအား လုံခြုံရေးအရဟုဆိုကာ အစစ်ဆေးတင်းကြပ်နေခြင်း ဖြစ်သည်။

“ရန်ကုန်ဘက်ကဆင်းလာတဲ့ကားတွေတော့ မပိတ်ဘူး။ မြဝတီတို့ မော်လမြိုင်ဘက်တို့က ကားတွေက ပိတ်နေတာ။ ကားကြီးရော ကားလေးတွေရော နေ့တိုင်းပဲ။ သူတို့ကတော့ တာဝန်အရစစ်ဆေးတာလို့ ပြောတာပဲ။ ညဘက်ဆို ဒီဂိတ်က ၁၀ နာရီဆိုရင် ပေးမဖြတ်တော့ဘူး။ သူတို့စစ်ဆေးနေပုံနဲ့ ဂိတ်ပိတ်ချိန်နဲ့ ခရီးကြန့်ကြာတာပေါ့” ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။ 

အခွန်ဆောင်မထားသောကုန်ပစ္စည်း သယ်ဆောင်လာခြင်း ရှိ မရှိ၊ တော်လှန်ရေးအင်အားစုများနှင့် ဆက် နွှယ်နေသည့်ပစ္စည်းများ သယ်ယူလာခြင်း ရှိ မရှိတို့အပြင် ယာဉ်ပေါ်ပါလာသူများအား မှတ်ပုံတင်စစ်ခြင်း၊ မသင်္ကာပါက လက်ကိုင်ဖုန်းစစ်ဆေးခြင်းပါပြုလုပ်နေသဖြင့် ရန်ကုန်-မြဝတီကားလမ်း အင်္ဂဘိုကျေးရွာမှ မရမ်းချောင်ကျေးရွာအထိ နေ့စဉ် ယာဉ်အစီးရေ ရာနှင့်ချီ၍ ပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ယာဉ်ပိတ်ဆို့မှုကြောင့် ယာဉ်မောင်းအချို့သည် မုပ္ပလင်-စွပ္ပနူး ကျေးရွာချင်းဆက်လမ်းကို အသုံးပြု၍ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားကြသော်လည်း အဆိုပါလမ်း၌ပါ စစ်ကောင်စီ လက် အောက်ခံ ရဲ၊ စစ်သားနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စောင့်ကြိုဖမ်းဆီးစစ်ဆေးမှု ပြုလုပ်လာကြောင်း ဒေသခံတဦးထံမှ သိရသည်။

“ကျွန်တော် ကျိုက်ထိုမြို့ခံပါ ဝေါကိုသွားဖို့ အချိန်မရလို့ ရွာဘက်ကပတ်လာတာပါ ပြောလည်းမရဘူး။ ကားပေါ်က ဆင်းခိုင်းပြီး စစ်တာပဲ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

ထို့အတူ ရန်ကုန်- မြဝတီကားလမ်းပေါ်ရှိ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်တွင်လည်း မှတ်ပုံတင် စစ်ဆေးခြင်း၊ အခွန်ဆောင်မထားသော ကုန်ပစ္စည်းများ၊ တော်လှန်ရေးဆက်နွှယ်နေသောပစ္စည်းများ သယ်ဆောင်လာခြင်းရှိမရှိကို နေ့စဉ်စစ်ဆေးလျက်ရှိပြီး ညောင်ခါးရှည် X-Ray ဂိတ်တွင်မူ အိမ်စီးကားများ အား စစ်ဆေးခြင်းမရှိတော့ကြောင်း သိရသည်။

“ဘားအံဂိတ်ကတော့ ပုံမှန်အတိုင်းပဲ စစ်တာ။ X- Ray မှာတော့ အိမ်စီးကားတွေဆို မဝင်ရတော့ဘူး။ လမ်း မပေါ်ကနေပဲပေးဖြတ်တော့တယ်။ ဘယ်သွားဖို့လဲဆိုတာလောက်တော့မေးတယ် ဒီလောက်ပဲ” ဟု ခရီး သွားအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က မရမ်းချောင်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ မုပ္ပလင်-စွပ္ပနူးလမ်းမှ မောင်းနှင်လာသည့် ဒိုင်နာတစီးပေါ်မှ ဖောက်ခွဲရေးလုပ်ငန်းများတွင်အသုံးပြုသည့် ဒီတိုနေတာ အချောင်း ၃၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည်။ 

ယာဉ်မောင်းမှာထွက်ပြေးသွားပြီး ဒီတိုနေတာများနှင့်အတူ ယာဥ်နောက်လိုက်နှင့် လမ်းပြနှစ်ဦးကို ကျိုက် ထို ရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly