မြိုင်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသူကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းကို မီးရှို့ ဖျက်ဆီး

By KMN (မဇ္ဈိမ)
12 September 2023
မြိုင်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသူကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းကို မီးရှို့ ဖျက်ဆီး
ပုံအညွန်း - စက်တင်ဘာလ ၁၁ ရက်နေ့တွင် သင်းပေါင်းကန်ရွာ ဒေသခံကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်မှ မီးရိူ့ဖျက်ဆီးမှုမြင်ကွင်း။ (Photo - mygtroopnews)

မကွေးတိုင်း၊ မြိုင်မြို့နယ်၌ စက်တင်လာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အရပ်သားတဦးကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာမှ ဖမ်းဆီးခဲ့သော အရပ်သားတဦးကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ညောင်ညိုတောကျေးရွာအရှေ့ဘက်အရောက်တွင် သတ်ဖြတ်သွား ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ ကန်ကြီးရိုးကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ဖြစ်ကာ စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စဉ် အခြားအမျိုးသား ခုနှစ်ဦးနှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ ဖြစ်သည်။

“နားထင်ကိုသေနတ်နဲ့တေ့ပြီ ပစ်သတ်သွားတာပါ။ ကျန်တဲ့သူတွေက အခုထိ စစ်ကြောင်းမှာ ပါသွားတုန်း လို့ သိရတယ်” ဟု Myaing Intelligent Group အဖွဲ့ဝင် ကိုမိုးမှောင်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၁၁ ရက်နေ့တွင်  သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ်ဒေသကာ ကွယ်ရေးစခန်းတခုဖြစ်သော Anyar Myay Guerrilla Force Myaing တပ်ဖွဲ့၏  စခန်းကိုစီးနင်းပြီး ကား တစီး၊ ဆိုင်ကယ်ငါးစီးနှင့် လက်နက်ခဲယမ်း၊ စုစုပေါင်း ကျပ်သိန်း ၁ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် စစ်ကြောင်းသတင်းများအဖွဲ့မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ် နေအိမ်များအတွင်းမှ ကြက်၊ ဝက်၊ နွား စသည့် တိရစ္ဆာန်များကိုဖမ်းဆီးသတ်ဖြတ်ကာ ဆန်၊ ကြက်ဥ စသောစားသောက်ကုန်များကို အဓ္မမစားသောက် ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီ၏ တပ်မ(၁၀၁)စစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ဝန်းကျင်တွင်  မြိုင်မြို့နယ် အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ 

အဆိုပါ စစ်ကြောင်းသည် ယနေ့  စက်တင်ဘာလ  ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ် ကံရာကောင်း ကျေးရွာမှတဆင့် မြိုင်မြို့အနီးရှိ စက်မှု(၂) ကပစစက်ရုံအတွင်း ရောက်ရှိနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly