ပုလောမြို့ မြဒေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
11 September 2023
ပုလောမြို့ မြဒေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

မြဒေါင်နှင့် ရွာချင်းကပ်လျက်ရှိသော ပိတပ်ကျေးရွာစာသင်ကျောင်းသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့လာရောက်တပ်စွဲချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောများကပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး နှစ်ဖက်ထိခိုက်မှုကို မသိရသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁) သတင်းနှင့်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

 “လောလောဆယ်တော့ နှစ်ဖက်လုံး တဖြည်းဖြည်း ပြန်‌ဆုတ်နေတယ်။ ရေတပ်စစ်သင်္ဘောကနေပါ ပစ် ကူနေတာရှိနေတယ်၊ ပလရဲစခန်းမှာလည်း အင်အား ၈၀ လောက်ရောက်နေတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။

ပုလောမြို့နယ် လက္ကူရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေသော ဒေသလည်းဖြစ် သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly