မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်

By KMN(မဇ္ဈိမ)
10 September 2023
မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်
Photo – mygtroopnews

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာကို စစ်ကောင်စီတပ်က ယနေ့ စက် တင်ဘာလ ၁ဝ ရက် နံနက်အစောပိုင်းတွင် ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးခေါင်းဆောင် တဦးအားပစ်ခတ်သတ်ဖြတ်ခဲ့ကာ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်သော အသက် ၂၄ နှစ်အရွယ် ဗိုလ်လင်းမြွေကိုဖမ်းဆီးမိပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်ကိုတွေ့ရကြောင်း ဒေသခံတဦးကပြောသည်။

ထို့ပြင် ဗိုလ်လင်းမြွေ၏ ကားကိုလည်းမီးရှို့ဖျက်ဆီးကာ နေအိမ်အတွင်းမွှေနှောက်သွားပြီး ကန်ကြီးရိုးရွာမှ အရပ်သားရှစ်ဦးကို စစ်ကြောင်းအတွင်း  ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဗိုလ်လင်းမြွေမှာ နံသာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး မြိုင်မြို့၏ အရှေ့ဘက် ဒေသများသို့ ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှုရအောင် လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“တပ်မ(၁၀၁)က အင်အား ၇၀ ကျော်ရှိတဲ့စစ်ကြောင်းက ဝင်ရောက်စီနင်းခဲ့တယ်လို့ သတင်းရပါတယ်။  ဗိုလ်လင်းမြွေကတော့ စစ်ကြောင်းဝင်စီးချိန်ကတည်းက အသတ်ခံရတယ်လို့သိရပါတယ်။ စစ်ကြောင်းနဲ့ ဓားစာခံအဖြစ်ဖမ်းခေါ်သွားတာက အမျိုးသားတွေလို့ သိရပါတယ်” ဟု Myaing Intelligent Group အဖွဲ့ ဝင် ကိုမိုးမှောင်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီ၏ တပ်မ(၁၀၁)စစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ဝန်းကျင်တွင်  မြိုင်မြို့နယ် အတွင်း ရိက္ခာပို့ရန် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြိုင်မြို့နယ် ဂွေးပင်လယ်ရွာမှ အရပ်သား ၁၅ ဦးခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကဆက် ပြောသည်။

မြိုင်မြို့နယ် အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာကို ဝင်ရောက်စီနင်းခဲ့သော စစ်ကောင်စီ၏ တပ်မ(၁၀၁) စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ကန်ကြီးရိုးရွာမှတဆင့် ချောင်းဦးတိုရွာသို့ ရောက်ရှိခဲ့ကြောင်းနှင့် ညနေပိုင်းတွင်  ချောင်းဦးတိုရွာမှတဆင့် အရှေ့ဘက်သို့ ဦးတည်နေကြောင်း ဒေသခံများကပြောသည်။ 

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required