မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေး၌ နည်းလမ်းသစ်ကို အာဆီယံ သဘောတူ 

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေး၌ နည်းလမ်းသစ်ကို အာဆီယံ သဘောတူ 
Photo-AFP

မြန်မာနိုင်ငံက မတည်ငြိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဒေသတွင်း အုပ်စုဖြစ်သော အာဆီယံ၏ လက်ရှိ၊ အတိတ်နှင့် အနာဂတ် ဥက္ကဋ္ဌတို့ အပါအဝင် အာဆီယံ ခေါင်းဆောင်များသည် နည်းလမ်းသစ်တရပ်အား အင်္ဂါနေ့တွင် သဘောတူကြသည်။ 

ဘုံသဘောတူညီချက် ငါးရပ်အရ မြန်မာ့အကျပ်အတည်းအား ဖြေရှင်းရေး၌ နိုင်ငံရေးဦးဆောင်ဦးရွက် သုံးဦးတွဲဖက်အဖွဲ့တဖွဲ့အား ဖွဲ့စည်းသွားရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံက သဘောတူကြောင်း ဂျကာတာတွင် သုံးရက်တာ ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ပထမရက် ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ၌ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် အချိန်ပိုင်းအတွင်း ချမှတ်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်မှု၌ သိသာထင်ရှားသည့် တိုးတက်မှု မရှိကြောင်း ခေါင်းဆောင်များက ဝန်ခံသော်လည်း အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်ကို အကျပ်အတည်း ဖြေရှင်းရေး၌ အဓိက ရည်ညွှန်းရာအဖြစ် ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း အာဆီယံကဆိုသည်။ 

ထို ဘုံသဘောတူညီချက် ငါးရပ်၌ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ စေ့စပ်ညှိနှိုင်းမှုများ အစပြုရေး၊ အာဆီယံ သံတမန်များ ခန့်အပ်ရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ရေးနှင့် အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်ရေးတို့ကို တောင်းဆိုထားသည်။ 

မြန်မာအာဏာသိမ်း စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို အရှိန်လျှော့ချရန်နှင့် အရပ်သားများ၊ နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများအပါအဝင် အများနှင့်ဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန်လည်း အာဆီယံက တိုက်တွန်းသည်။ 

“မြန်မာနိုင်ငံ၏ အကျပ်အတည်းအား တာရှည်ခံသည့် ငြိမ်းချမ်းစွာ ဖြေရှင်းမှုဆီ ရှေ့ရှုသည့် ယုံကြည်မှု တည်ဆောက်ရန်” မြန်မာနိုင်ငံက သက်ဆိုင်ရာအားလုံးနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အာဆီယံက ဆိုသည်။ 

“ဖြစ်ပွားနေဆဲ ပဋိပက္ခကို ငြိမ်းချမ်းစွာနဲ့ တာရှည်ခံမယ့် ဖြေရှင်းနည်း ရှာတွေ့ဖို့ မြန်မာကို အကူအညီပေးရေး အာဆီယံရဲ့ ကတိကဝတ်တွေကို ကျွန်တော်တို့ ထပ်လောင်း အတည်ပြုတယ်၊ မြန်မာဟာ အာဆီယံရဲ့ အစိတ်အပိုင်း ဖြစ်နေဆဲမို့ပါပဲ”ဟု ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

ဒေါ်အောင်ဆန်းစုကြည် အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူချိန်မှစကာ သေဆုံးရသူများနှင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူများ ထောင်ပေါင်းများစွာ ရှိသည်။ 

ယခု အစည်းအဝေး၌ ၂၀၂၆ အာဆီယံဥက္ကဋ္ဌ အဖြစ် မြန်မာအစား ဖိလစ်ပိုင်က တာဝန်ယူရန် ဆုံးဖြတ်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly