ရွာငံ တိုက်ပွဲ ဒုရဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးဟုဆို

By ဂျူချန်း (မဇ္ဈိမ)
05 September 2023
ရွာငံ တိုက်ပွဲ ဒုရဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးဟုဆို

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွာငံ PDF)တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ရွာငံ ဒုရဲမှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာငံ PDF အဖွဲ့တာဝန်ခံက ပြောသည်။

“ရွာငံမြို့နယ်ထဲက သုံးပွင့်ဗိုလ်ကြီး ဒုရဲမှူး အပါအဝင် စ - (စစ်ကောင်စီတပ်သား) လေးယောက်ကတော့ ကျနော်တို့မျက်စိရှေ့မှာပဲ ပွဲချင်းပြီးသွားတယ်ပေါ့်နော့်။ ဒဏ်ရာတွေကလည်း ခုနစ်ဦးထက်မနည်း အပြင်းအထန်ရသွားတယ်ဗျ” ဟု ရွာငံ PDF တာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာသို့ ထိုးလာသည့် စစ်ကြောင်းလေးကြောင်းအနက် နွားဘန်းကြီးကျေးရွာအနောက်ဘက် ပန်းပင်တောင်ဘက်လမ်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု ကြာချိန် ၁၅ မိနစ်ခန့်အတွင်း အသက် ၅၃ နှစ်အရွယ် ဒုရဲမှူး ဦးမြတ်မိုး အပါအဝင် လေးဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိသည့် စစ်သားများအနက် သုံးဦး ထပ်မံသေဆုံးကြောင်း ဒေသခံများ သတင်းပို့သော်လည်း အတည်မပြုနိုင်ကြောင်း ရွာငံ PDF တာဝန်ခံက ပြောသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သေဆုံးသွားသည့် ရွာငံမြို့မရဲစခန်းမှ ဒုရဲမှူး၏ နာရေး ကျင်းပနေသည်ဟု ဒေသခံများထံမှ သတင်းရရှိကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်ပြီး ဒီနေ့အထိတော့ ဆက်မဖြစ်သေးဘူး။ ဘာလို့လဲဆို သေသွားတဲ့ သုံးပွင့်နဲ့ ဒုရဲမှူးရဲ့ အသုဘချဖို့ ပြင်ဆင်နေကြတယ်။  ဒီနေ့ ဒုရဲမှူးရဲ့ နာရေးကို ရွာငံမြို့ရဲစခန်းမှာလုပ်နေတယ်ဗျ” ဟု ရွာငံ PDF တာဝန်ခံက ပြောသည်။

နွားဘန်းကြီးကျေးရွာတွင် နေအိမ် ခုနစ်လုံးထက်မနည်း ချိပ်ပိတ်ခံထားရကာ ကလောအခြေစိုက် တပ်မ(၅၅) လက်အောက်ခံတပ်သားများနှင့် ပျူစောထီးအင်အား ၁၅၀ ခန့်သည် ရွာငံမြို့ နွားဘန်းကြီးကျေးရွာအတွင်း ချိပ်ပိတ်ခံထားရသည့် နေအိမ်များတွင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ လက်ရှိအချိန်အထိ တပ်စွဲထားကြောင်း ရွာငံ PDF တာဝန်ခံက ပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် ချိပ်ပိတ်ခံထားရသည့် ဒေါ်တင်မိနေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မှော်ဘုရင်စစ်ကြောင်းမှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နွားဘန်းကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲကာ ဒေသခံများအား ခြိမ်းခြောက်ခြင်းများ ရှိသဖြင့် ဒေသခံအများစုသည် တိမ်းရှောင်နေရပြီး ရွာခံ ၃၀ ဦးခန့်သည့် နွားဘန်းကြီးကျေးရွာအနီး တောထဲ၌ ပုန်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly