ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများ ပုလော PDF က ဖမ်းဆီးအရေးယူ

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 September 2023
ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများ ပုလော PDF က ဖမ်းဆီးအရေးယူ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ရေပြင်ရှိ ညှင်းဖို ညှင်းမ ကျွန်းအနီးတွင် ကမ်းဝေးငါးဖမ်းလှေ(ဝါလပ်)များက ကမ်းနီးတွင် ဥပဒေမဲ့ ဝင်‌ရောက်ခိုးဆွဲနေခြင်းကြောင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဆုံး ဖမ်းဆီးအရေးယူထားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) က ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ကမ်းဝေးငါးဖမ်းလှေများသည် ကမ်းနီးတွင် လာရောက်ခိုးဖမ်းခြင်းကြောင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ကမ်းနီးရေပြင်က တနိုင်တပိုင် လုပ်ကိုင် စားသောက်နေကြသည့် ဒေသခံရေလုပ်သားများကို ခြိမ်းခြောက်ခြင်း၊ ကမ်းနီးလှေငယ်များက ထောင်ထားသည့်ငါးဖမ်းပိုက်များ ဆုံးရှုံးရခြင်းတို့ ဖြစ်ပေါ်နေကြောင်း ဒေသခံကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများက တိုင်ကြားလာ၍ သွားရောက်ဖမ်းဆီးခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း(၁) သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။

“လှေနာမည်တွေ နံပါတ်ပြားတွေ အုပ်ထားပြီး ကမ်းနီးမှာ ဝင်ခိုးဆွဲတာပါ၊ စစ်ဆေး မေးမြန်းပြီး ကျွန်တော်တို့က လှေကိုတော့ ပြန်လွှတ်ပေးပြီး ပဲ့နင်း (ငါးဆရာ) ခုနစ်ဦးကို ဖမ်းဆီးထားတာ ဖြစ်တယ်”ဟု မြိတ်ခရိုင်တပ်ရင်း(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြော သည်။

ယင်း ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးမှ အပြစ်ကျူးလွန်သူ ပဲ့နင်း ခုနစ်ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကမ်းဝေးငါးဖမ်းလှေတွေက ကမ်းနီးမှာ လာဆွဲရင် ကျွန်တော်တို့က ကြောက်နေရတယ်၊ ပြန်ပြောလို့လည်း မရဲဘူး၊ ပြဿနာ ရှာခံရတယ်၊ အခုလည်း PDF တွေ ပဲ့နင်းတွေကို ဖမ်းဆီးထားတယ် အသံကြားရတော့ စစ်တပ်က စစ်သင်္ဘောတွေ ပုလောရေပြင်ကို ရောက်နေတယ်”ဟု လက္ကူရွာနေ ဒေသခံ ကမ်းနီးရေလုပ်သား တဦးက ပြောသည်။

လက်ရှိတွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းဆီးထားသည့် ပဲ့နင်း ခုနစ်ဦးကို ယခုချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဥပဒေ အရ အရေးယူရန် ပုလော ပအဖ အဖွဲ့က တာဝန်ယူထားကြောင်း  ကိုအာနိုးထံက သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ်းဝေးငါးဖမ်းလှေများသည် စစ်ကောင်စီရေတပ် စစ်သင်္ဘောများကို ငွေပေး၍ ကမ်းနီးတွင် ဝင်ရောက် ငါးဖမ်းမှုက ပိုမိုများပြားလာကြောင်း ဒေသခံကမ်းနီးရေလုပ်သားများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly