ဒေသခံ ၃ ဦး ဗုံးသီးထိမှန်ဒဏ်ရာရခြင်းသည် တော်လှန်ရေးအင်အားစုများကြောင့် မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ငြင်းဆို

By YT (မဇ္ဈိမ)
03 September 2023
ဒေသခံ ၃ ဦး ဗုံးသီးထိမှန်ဒဏ်ရာရခြင်းသည် တော်လှန်ရေးအင်အားစုများကြောင့် မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ငြင်းဆို
ပုံအညွှန်း- စစ်ကောင်စီထောက်ခံသူ လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ဒဏ်ရာရသူ ဒေါ်မြင့်ဝင်း​၏ ဓါတ်ပုံ (ဓါတ်ပုံ- Saw Ba Maung Telegram Channel)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ကြဲချ၍ ဗုံးသီးထိမှန်ကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူ များ၏ တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြနေသော်လည်း အဆိုပါဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း သထုံ ခရိုင် PDF တာဝန်ခံက ငြင်းဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဒရုန်းပေါ်မှကြဲချသည့် ဗုံးသီးတစ်လုံး ရန်ကုန်- မော်လမြိုင်လမ်း ပေါ်၌သွားလာနေသည့် ဘေးတွဲဆိုင်ကယ်တစီးအနီးတွင် ကျရောက်ပေါက်ကွဲပြီး အရပ်သားသုံးဦး ထိခိုက် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲမှုအား စစ်ကောင်စီထောက်ခံသူများ၏တယ်လီဂရမ်ချန်နယ်များက KNU ၊ PDF တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသော်လည်း သထုံခရိုင် PDF တာဝန်ခံကမူ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“အဲဒီဖြစ်စဉ်က မဟုတ်ပါဘူး။ သူတို့ဘက်က သက်သက်ဝါဒဖြန့်တာပါ။ အဲဒီ ၁ ရက်နေ့က Drop Bomb သုံးတာ ဘာတခုမှမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့သိရသလောက် သူတို့(စစ်ကောင်စီတပ်) ကိုယ်တိုင် လည်း ဒရုန်းတွေသုံးလာတယ်ဆိုတာ သိရပါတယ်။ တော်လှန်ရေးဘက်ကတော့ ပြုလုပ်ခဲ့တာမရှိပါဘူး ဗျ” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဗုံးစများထိမှန်၍ ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသူ ဦးခိုင်ရွှေနှင့် စီးနင်းလိုက်ပါလာသည့် ဒေါ်မြင့်ဝင်းနှင့် ကိုမြင့်ဇော်တို့ ဒဏ်ရာကိုယ်စီရခဲ့ကြကြောင်း၊ ၎င်းတို့မှာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယခုအခါ သက်သာနေပြီဖြစ်ကြောင်း ဒေသခံတဦးထံမှ သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရန်ကုန်-မော်လမြိုင်လမ်း ကျိုက်ထိုမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲဖြစ် ပွားနေစဉ် စစ်ကောင်စီတပ်၏ ရမ်းသန်ပစ်ခတ်မှုကြောင့် လူနာတင်ယာဉ်တစီး သေနတ်ထိမှန်ခဲ့သည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လူနာတင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကျိုက်ထိုမြို့နယ်မှ ဒေါ်ရွှေစင်၏ ပေါင်နှင့် ခြေသလုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီး အဆိုပါဖြစ်စဉ်ကိုလည်း စစ်ကောင်စီ ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များက KNU၊ PDF များကပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားပြီး သထုံခရိုင် PDF တာဝန်ခံက အဆိုပါဖြစ်စဉ်သည်လည်း ၎င်းတို့ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း တဆက် တည်း ငြင်းဆိုသည်။

အလားတူပင် ဩဂုတ်လ ၂၇ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် လမ်းပေါ်တွင် မော်တော်ယာဉ်ခြောက်စီးပါ စစ်ကောင်စီ၏ယာဉ်တန်း တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီးနောက် အဆိုပါစစ်ယာဉ်တန်းက ကားလမ်းမတလျှောက် လက်နက်ကြီး များ၊ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ 

ယင်းသို့ စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် သွားလာနေ သည့် အင်္ဂဘိုကျေးရွာမှ အရပ်သား နှစ်ဦး၊ အခြားဒေသခံတဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆို ပါပစ်ခတ်မှုသည်လည်း တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ များ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြခဲ့ကြသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly