ရွှေကူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့  သိမ်းပိုက်

By မဇ္ဈိမ 
01 September 2023
ရွှေကူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့  သိမ်းပိုက်
ပုံအညွှန်း-ကျောက်ကြီးကျေးရွာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-CJ)

ကချင်ပြည်နယ်၊ ရွေကူမြို့နယ်၊  ကျောက်ကြီး ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ထိုင်ချထားသည့် တပ်စခန်းတခုကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က  ယနေ့ စက်တင်ဘာလ ၁ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

ထိုစခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက် ၃ နာရီတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဇ္ဈိမက နောက်ဆုံးဆက်သွယ်ရရှိသည့် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ထိုစခန်းကို မီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ စခန်းက သိမ်းပြီးသွားလို့ မီးရှို့ပြီး ရှင်းလိုက်ပြီ။ တိုက်ခိုက်ပစ်ခတ်တာတွေကတော့ရှိနေတုန်းပဲ။အခု လေယာဥ်တွေနဲ့ လာပစ်နေတယ်   ”ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ဖြေကြားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။ 

လက်နက်ရိက္ခာတင်လာသည့် သင်္ဘောကိုးစီးကို နယ်မြေလုံခြုံရေး  ရယူပေးရန်  ဧရာဝတီမြစ်တဖက်ကမ်းရှိ ကျောက်ကြီးကျေးရွာတွင် ထိုတပ်ဖွဲ့က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။ ထိုစခန်းတွင် စစ်ကောင်စီ၏  တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၆၃)၊ ခလရ(၁၀) နှင့် ခမရ (၄၁၅) တို့က စစ်ကြောင်းများခွဲကာ တပ်စွဲနေထိုင်နေကြခြင်းဖြစ်သည်ဟု KIAနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

လက်ရှိတွင် ဖြစ်ပွားဆဲဖြစ်သည့် ထိုတိုက်ပွဲအခြေအနေကို  ဆက်လက်တင်ပြရန်နှင့် ထိခိုက်သေဆုံးမှု အချက်အလက်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ဧရာဝတီမြစ်အတွင်း၌ စစ်ကောင်စီ၏ လက်နက်ရိက္ခာတင်လာသည့် သင်္ဘောများ မကြာခဏ ပစ်ခတ်တိုက်ခံရခြင်းများရှိသည်။

စာတည်း ။          ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly