တိုင်းနှင့်ပြည်နယ် ၅ ခုတွင် မိုးများနိုင်၍ ရေကြီးမှုဘေး သတိပြုရန် NUG  အသိပေး 

By ရောင်နီ (မဇ္စျိမ)
29 August 2023
တိုင်းနှင့်ပြည်နယ် ၅ ခုတွင် မိုးများနိုင်၍ ရေကြီးမှုဘေး သတိပြုရန် NUG  အသိပေး 
ပုံအညွှန်း - သြဂုတ်လ အစောပိုင်းက တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံနေမှုဖြစ်ပွားနေသည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ယက်)

တိုင်းနှင့်ပြည်နယ် ငါးခုတွင် မိုးများနိုင်ခြင်းကြောင့် ရေကြီးရေလျှံမှုဘေး သတိပြုရန်  အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။ 

သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင် လာမည့် ရက်သတ္တပတ်အတွင်း  မြန်မာနိုင်ငံတဝန်းလုံးတွင် မုတ်သုံလေအားပြန်ကောင်းလာနိုင်ပြီး အောက်ပိုင်းဒေသတချို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဆိုသည်။

ယင်းအပြင် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများနိုင်ကြောင်း MOHADM က ဖော်ပြသည်။  

ထိုသို့ မိုးများခြင်းကြောင့် နောက်ဆက်တွဲဖြစ်သည့် မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံမှုနှင့် လမ်းတံတား ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားတတ်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန်လည်း အသိပေးထားသည်။ 

စစ်ကောင်စီ၏ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်  မုတ်သုံလေအားကောင်းနေခြင်းကြောင့် နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မိုးကြီးနိုင်ကြောင်း ယနေ့ သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly