ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ 

By YT  ( မဇ္ဈိမ)
29 August 2023
ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ 
ပုံအညွှန်း- ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေး တယ်လီဂရမ်ချန်နယ်)

မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအား ဩဂုတ်လ ၂၇ ရက် ညနေ ၅ နာရီတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ 

"ညနေ ၅ နာရီကျော်ကျော်လောက်မှာ လက်နက်ကြီးအသံ စကြားရတာ။ ရုံးထဲကနေရော ရဲစခန်းကနေရော ပြန်ပစ်သံကြားတယ်၊ နာရီဝက်လောက်ထိ ဆက်တိုက်ပစ်တာ။ ပြည်သူထိခိုက်တာတော့ မကြားမိဘူး" ဟု ထွေအုပ်ရုံးအနီး နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အနောက်ဘက်ရှိ ဝန်ထမ်းအိမ်ရာအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို တပ်မဟာ (၁) KNLA တပ်ရင်း (၂)၊ PDF၊ ပ.က.ဖအဖွဲ့ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီးထိမှန်၍ ပေါင်မြို့နယ် အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူး ကျော်နိုင်ဦးအပါအဝင် ဗိုလ်ကြီးတဦး၊ တပ်ကြပ်နှစ်ဦးနှင့် တပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်သေဆုံးမှု အခြေအနေများအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း ထွေအုပ်ရုံး ဝန်ထမ်းအိမ်ရာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရုံးဘေးကပ်လျက်ရှိ ပေါင်မြို့နယ် ရဲစခန်းအတွင်းမှလည်း အနီးဝန်းကျင်သို့ ၄၀ မမ၊ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ကြကြောင်း သိရသည်။ 

ဒေသခံတဦး၏ ပြောကြားချက်အရ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ပေါင်မြို့နယ် ရဲစခန်းအတွင်းမှ ရဲမိသားစုဝင် အမျိုးသမီးများနှင့် ကလေးများ ကား၊ ဆိုင်ကယ်များ အသုံးပြု၍ ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိကြောင်း သိရသည်။ 

ပေါင်မြို့နယ်အတွင်းရှိ မြို့နယ်ထွေအုပ်ရုံး နှင့် ရဲစခန်း တို့အား တော်လှန်ရေး အင်အားစုများက မကြာခဏ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ပေါင်မြို့မရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း။        ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required