တိုက်ပွဲများကြောင့် သွားလာခွင့်ပိတ်ထားသော မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်

By ကချင်လေး (မဇ္ဈိမ)
28 August 2023
တိုက်ပွဲများကြောင့် သွားလာခွင့်ပိတ်ထားသော မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်

တိုက်ပွဲများကြောင့် သွားလာခွင့်ပိတ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၈ နာရီမှစပြီး နှစ်ဖက်တပ်များက လမ်းပြန်ဖွင့်ပေးလိုက်သည့်အတွက် ခရီးသည်တင်ယာဥ် များ အတက်အဆင်းပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ကာမိုင်းမှ ဖားကန့်ဘက်သို့ စစ်ကြောင်းထိုးလာရာ ယင်း စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နန့်ယားကျေးရွာမရောက်မီ ကျောက်ထုကျေးရွာ အနီး၌ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားပြီး စစ်ရေးတင်းမာလာသောကြောင့် အဆိုပါလမ်း အား နှစ်ဖက်တပ်များက ပိတ်ဆို့ထားခြင်းဖြစ်သည်။

ငါးရက်ကြာ သွားလာခွင့်ပိတ်ထားသည့် မြစ်ကြီးနား-ဖားကန့်လမ်းကို ယနေ့နံနက်တွင် စစ်ကောင်စီတပ် နှင့် KIA တို့မှ ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ကားသမားတဦးကပြောသည်။

“ဒီနေ့ အကုန်ဖွင့်ပေးလိုက်ပြီ။ တက်တဲ့သူတွေလည်း တက်သွားကြပြီ၊ ဆင်းတဲ့သူတွေလည်း အကုန်ဆင်း လာကြပြီ။ နန့်ယားဂိတ်မှာဆို ကား သုံး၊ လေးစီးလောက်ပဲ ကျန်တော့တယ်။ ခုရက်ပိုင်း ဒီဘက်မှာ တိုက်ပွဲ တွေမရှိတော့ဘူးဆိုတော့ နှစ်ဖက်နားလည်မှုနဲ့ ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ သိရတယ်”ဟု အမည်မဖော် လိုသူကားသမားတဦးက ပြောသည်။

နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာဉ်ရပ်နားစခန်းတွင် ခရီးသည် ၁,၀၀၀ ကျော်နှင့် ကုန်ကားအစီး ရေ ၃၀၀ ခန့် ငါးရက်ကြာပိတ်ဆို့ခံခဲ့ရပြီး ယနေ့နံနက်ပိုင်း၌ လမ်းဖွင့်ပေးလိုက်သည့်အတွက် အတက် အဆင်းလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းကို သွားလာခွင့် ပြန်လည်ခွင့်ပြုထားသော်လည်း စစ်ရေးတင်းမာမှုရှိနေဆဲဖြစ် ၍ ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် KIA မှ သတိပေးထားကြောင်း သိရသည်။
ဩဂုတ် လ ၂၂ ရက်နေ့က ကာမိုင်းမှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နန့်ယားကျေးရွာ၌ နှစ် ရက်တာနားနေရာမှ ၂၆ ရက်နေ့တွင် ဖားကန့်ဘက်သို့ ဆက်လက်ထွက်ခွာလာသွားကြောင်း မဇ္ဓျိမမှစုံစမ်း သိရှိထားသည်။

KIA ဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့က လမ်းကြောင်းတလျှောက် ပိတ်ဆို့ထားဆဲဖြစ်၍ နန့်ယားကျေး ရွာမှ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသော ကိုးတန်းကျောင်းသားတဦးနှင့် ရှစ် တန်းကျောင်းသားတဦးပါဝင်ပြီး ကချင်ဘာသာရေးဆရာ နှစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းကို ငါးရက်အကြာ၌ ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ကလူသားဒိုင်း အဖြစ်ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံ ဒေသခံများ၏ အခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျှက်ရှိသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly