ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ခန့် အကူအညီလိုအပ်နေ

By YT(မဇ္ဈိမ)
21 September 2023
ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ခန့် အကူအညီလိုအပ်နေ
ပုံအညွှန်း - ခလယ်၊ တံခွန်တိုင် ဒေသခံစစ်ဘေးရှောင်များအား စစ်ဘေးရှောင်ကူညီသူများက အကူအညီသွားရောက်ပေးအပ်ကြစဉ် (ဓါတ်ပုံ- ပေးပို့)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်  ဒေသခံ ပြည်သူ ၁၅,၀၀၀ ဝန်းကျင်အတွက် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၂)၊ အမြှောက်တပ် (၃၁၈)နှင့်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ တံခွန်တိုင်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီး အသုံးပြုတ်ိုက်ခိုက်ခဲ့သဖြင့်  ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။

ပုံအညွှန်း - ခလယ်၊ တံခွန်တိုင် ဒေသခံစစ်ဘေးရှောင်များအား စစ်ဘေးရှောင်ကူညီသူများက အကူအညီသွားရောက်ပေးအပ်ကြစဉ် (ဓါတ်ပုံ- ပေးပို့)

လတ်တလောတွင်  ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ရှစ်ရွာမှ  ဒေသခံပြည်သူ ၁၅,၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်းသိရသည်။

" လုံလောက်တဲ့ရိက္ခာ မရှိနေပါဘူး။ အလှူရှင်လာထောက်ပံ့ရင်းနဲ့ပဲ ရပ်တည်နေရပါတယ်။ ကျန်းမာ ရေးပိုင်ဆိုင်ရာ ဆေးဝါးတွေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာတွေမှာလည်း အကူအညီလိုအပ်နေပါတယ်" ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံများသည်  မိုးတွင်းကာလ၊ ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခကိုပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။

" အဲ့ဒီဘက်မှာက စစ်ဘေးရှောင်စခန်းဆိုပြီး သီးသန့်ဖွင့်ထားတာ မရှိဘဲနဲ့ စစ်မဖြစ်တဲ့ ရွာတွေဆီအထိ သွားပြီး အိမ်တအိမ်ကို လူ ၃၀ ကနေ ၅၀ အတွင်း စုပြီးနေကြရတယ်။ ပြီးရင် စစ်မဖြစ်တဲ့ရွာက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ဓမ္မာရုံတွေမှာ စုပြီး နေနေကြရပါတယ်။ ပြီးတော့ ဝင်းရော်ဒေသ (ကြာအင်းဆိပ်ကြီး) ဘက်ခြမ်းကျတော့ နှစ်စဉ်နှစ်တိုင်း မိုးကြီးပြီးတော့မှ ရေလျှံပြီးတော့ နှစ်ထပ်တိုက်ဆိုရင်တောင် တထပ်အထိ မြုပ်တဲ့အထိ ဖြစ်လေ့ရှိတယ်ပေါ့နော်။ ဆိုတော့ အခုက သူတို့က စစ်ဘေးလည်းရှောင်ရသလို ရေဘေးပါ ရှောင်ရပြီးတော့ ရေဘေးဒုက္ခသည်ပါ ဖြစ်နေကြရတယ်" ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်တွင် ယခုရက်ပိုင်း နေ့စဉ်လိုလို မိုးရွာနေပြီး မြေနိမ့်ပိုင်းနေရာများ ရေဝင်နစ်မြုပ်နေသည်။လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် နီးစပ်ရာမြို့နယ်များနှင့် ပြည်ပနိုင်ငံများမှ အလှူရှင်များ​၏ တနိုင်တပိုင် ကူညီမှုများရှိသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ပုံအညွှန်း - ခလယ်၊ တံခွန်တိုင် ဒေသခံစစ်ဘေးရှောင်များအား စစ်ဘေးရှောင်ကူညီသူများက အကူအညီသွားရောက်ပေးအပ်ကြစဉ် (ဓါတ်ပုံ- ပေးပို့)

စစ်ကောင်စီနှင့် BGF ဘက်ကလည်းတံခွန်တိုင်ကျေးရွာအတွင်း  အင်အားထပ်တိုးထားသဖြင့် စစ်ရေးအခြေအနေတင်းမာနေသည်။ ဒေသခံများ နေအိမ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းစစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးကပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း နေအိမ် ၅၀ ကျော် ထိမှန်ပျက်စီးထားကာ ဒေသခံတဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဘက်မှ  တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၍ ခုနစ်ဦး ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း​၏ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required