လန်ဒန်ရှိ မြန်မာသံအမတ်နေအိမ်ကို တရားမဝင် သိမ်းယူရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို MAP အဖွဲ့ ပြစ်တင်ဝေဖန်

လန်ဒန်ရှိ မြန်မာသံအမတ်နေအိမ်ကို တရားမဝင် သိမ်းယူရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို MAP အဖွဲ့ ပြစ်တင်ဝေဖန်

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် ဒီမိုကရေစီ လိုလားသော ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို လန်ဒန်မြို့ရှိ တရားဝင် မြန်မာသံအမတ်နေအိမ်မှ နှင်ထုတ်ရန်နှင့် ထိုနေအိမ်အဆောက်အအုံကို တရားမဝင် ရယူရန် ဗြိတိန်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ယူကေအခြေစိုက် “တာဝန်ခံမှုရှိရေး မြန်မာ ပရောဂျက်” (MAP) အဖွဲ့က ပြောပြီး စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်သည်။

စစ်ကောင်စီ၏ တိုင်ကြားချက်တွင် သံအမတ်ကြီး ဦးကျော်စွာမင်းသည် သံအမတ်နေအိမ်တွင် ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲထားသည်။ အမှု စစ်ဆေးမှု မတိုင်မီ ယင်းကို ယူကေ ရှေ့နေချုပ်က အတည်ပြုပေးရမည်ဖြစ်သည်။

ဦးကျော်စွာမင်းသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် များမကြာမီ စစ်တပ်လိုလားသော ကိုယ်စားလှယ်များကြောင့် သံရုံးထဲ ဝင်ခွင့်မရဘဲ ဖြစ်ခဲ့သော်လည်း ၎င်းသည် ၎င်း၏သံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်ခဲ့သည်။

၎င်းအနေဖြင့် သံအမတ်နေအိမ်အဆောက်အအုံမှ ထွက်ခွာမည် မဟုတ်ဟု ဦးကျော်စွာမင်းက အခိုင်အမာ ပြောသည်။ “ကျွန်တော့်ကို နှင်ထုတ်ဖို့ ကြိုးပမ်းမှုတိုင်းကို ခုခံသွားပါမယ်။ ဒီ ကလပ်တိုကရက်တစ် ရာဇဝတ်ဂိုဏ်းအဖွဲ့ဆီက ခြိမ်းခြောက်မှု ဆက်ရှိနေသမျှ မြန်မာပြည်သူတွေကိုယ်စား ဒီ သံအမတ်နေအိမ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားပါမယ်။ ဒါမှလည်း လာမယ့် ဒီမိုကရေစီအစိုးရရဲ့ သံအမတ်တစ်ဦးဆီ ဒီအိမ်ကို လွှဲပြောင်းအပ်နှံပေးနိုင်မှာဖြစ်တယ်” ဟု ပြောသည်။
“အင်္ဂလန် မြေယာမှတ်ပုံတင်ဌာနအရတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ဒီနေအိမ်ကို ပိုင်ပါတယ်။ လက်ရှိ စစ်အုပ်စုက မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့အတွက် ဒီလုပ်ရပ်က ဥပဒေအရ ကျိူးကြောင်းညီညွတ်မှု မရှိပါဘူး” ဟု MAP အဖွဲ့၏ ဒါရိုက်တာ ခရစ် ဂန်းနက်စ်က ပြောသည်။

လက်ရှိ စစ်အုပ်စု၏ လုပ်ဆောင်ချက်က “အထမမြောက်သည့် နေအိမ် လုယက်ရန် ကြိုးပမ်းမှု” ဆိုပြီး အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ဂန်းနက်စ်က ပြစ်တင်ဝေဖန်သည်။ နိုင်ငံ၏ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချဖမ်းဆီးပြီး လူအစုအပြုံလိုက် သတ်ဖြတ်မှုများ၊ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်ထားသည့် တရားမဝင်သော စစ်အုပ်စု၏ ယခု ကြိုးပမ်းမှုကို ဗြိတိန်အာဏာပိုင်တို့က ခွင့်ပြုပေးမည် ဆိုပါက ယင်းက စိတ်ကူး၍ပင် မရနိုင်အောင် ဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။ ဗြိတိန်အာဏာပိုင်တို့သည် မြန်မာစစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချထားပြီး စစ်ဗိုလ်ချုပ်များအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသည်။

လန်ဒန်ရှိ မြန်မာသံအမတ်နေအိမ်တွင် ကိုယ်စားလှယ်ရုံးတစ်ရုံး ထူထောင်ရန်နှင့် အဓိကကျသော သံတမန်အချက်အချာနေရာအားလုံးတွင် မြန်မာပြည်သူများကို ကိုယ်စားပြု၍ အရေးကြီးသော လုပ်ငန်းတာဝန်ကို ဆက်လက်လုပ်ဆောင်ရန် ဂန်းနက်စ်က မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကို တိုက်တွန်းသည်။ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက စစ်အုပ်စုကို သံတမန်ရေးရာ ဆုလာဘ်တစ်ခု ပေးသလိုဖြစ်စေရာရောက်လိမ့်မည်ဟု ၎င်းက သတိပေးသည်။

မြန်မာစစ်အုပ်စုသည် ရိုဟင်ဂျာတို့အပေါ် လူမျိုးတုန်းသတ်မှု ကျူးလွန်မှုဖြင့် အိုင်စီဂျေ တရားရုံးတွင် စွပ်စွဲတိုင်တန်းခံထားရသလို အိုင်စီစီ တရားရုံး၏ စုံစမ်းစစ်ဆေးခြင်းကိုလည်း ခံနေရသည်။ MAP အဖွဲ့သည် တူရကီနှင့် အင်ဒိုနီးရှားတွင် မြန်မာစစ်အုပ်စု အဖွဲ့ဝင်များအပေါ် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များ ဖွင့်လှစ်လုပ်ဆောင်ထားသလို ယခုနှစ်ကုန်ပိုင်းတွင်လည်း ဖိလစ်ပိုင်တွင် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required