ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာ ၂ ခုအား ပူးပေါင်းတပ်ဖွဲ့ သွား ရောက်တိုက်ခိုက်

By YT (မဇ္ဈိမ)
17 August 2023
ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာ ၂ ခုအား ပူးပေါင်းတပ်ဖွဲ့ သွား ရောက်တိုက်ခိုက်
ဓါတ်ပုံ ( Social Media) ပုံအညွှန်း- မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် နေရာနှစ်ခုအား တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် PDF ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်က တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ကျိုက်ထို မြို့နယ်၊ မုပ္ပလင်ကျေးရွာ ဘုရားကုန်းရှိ စစ်ကောင်စီခံတပ်စခန်းနှင့် ကျေးရွာသင်္ချိုင်းအနီးရှိ စစ်ကောင်စီ စခန်းတို့အား ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“မနေ့က နေ့လယ်ပိုင်းလောက်က လက်နက်ကြီးတွေနဲ့သွားတိုက်ခဲ့တာ။ ဒီဘက်က နယ်မြေခံပူးပေါင်း အဖွဲ့ပေါ့။ ဒဏ်ရာရတာတွေ ထိခိုက်တာတွေတော့ မသိရသေးဘူး” ဟု တပ်မဟာ(၁) KNLA သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စခန်းများမှ ပြန်လည်ပစ်ခတ်မှုကြောင့် မိနစ် ၂၀ နီးပါး အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မော်လမြိုင်လမ်း ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများအား စုံစမ်းအတည်ပြုနေဆဲဖြစ် ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်မှုအပြီး ညနေပိုင်းတွင် အဆိုပါတပ်စခန်းများမှ လက်နက်ကြီးများဖြင့် မုပ္ပလင်ကျေးရွာ၊ ပိန္နဲကုန်း ကျေးရွာ၊ အင်္ဂဘိုကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သော်လည်း ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လာသည့် ခြောက်စီးပါ စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့၊ သူရိယစစ်ကြောင်း တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အယောက် ၂၀ နီးပါး ထိခိုက်၊ သေဆုံးမှုရှိကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly