စစ်ကောင်စီတပ် စွန့်ခွာပြေးသည့် အထိုင်စခန်းများတွင် ဒေသခံများထံက သိမ်းယူထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ

By 008 (မဇ္ဈိမ)
17 November 2023
စစ်ကောင်စီတပ် စွန့်ခွာပြေးသည့် အထိုင်စခန်းများတွင် ဒေသခံများထံက သိမ်းယူထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ
ပုံအညွှန်း-  ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေးခဲ့သည့် အထိုင်စခန်းများ

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသည့် အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းဆောင်ရွက်ရာ  ဒေသခံများထံမှ သိမ်းယူထားသည့် ပစ္စည်းများပါ သိမ်းဆည်းရမိကြောင်း Khin U Specialforce Organization (KSO) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

သိမ်းဆည်းရမိထားသည့် ပစ္စည်းများကို KSOနှင့်ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထိန်းသိမ်းထားပြီး ပြည်သူ လူထုအနေဖြင့် ပစ္စည်းအမျိုးအမည် မှန်ကန် တိကျစွာ ပြောဆို၍ ထုတ်ယူနိုင်ကြောင်း KSO တာဝန်ရှိသူကဆိုသည်။

"ပြည်သူတွေဆီက မတရား ခိုးယူသိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ ပြည်သူ့ ပစ္စည်းတွေကို ကျွန်တော်တို့KSO နဲ့ မြို့နယ် ပကဖတို့က ထိန်းသိမ်းထားပါတယ်။ မိမိတို့ပစ္စည်းပုံစံ အတိအကျ ပြောနိုင်ပါက လာရောက်ဆက်သွယ်ပြီး ပစ္စည်းတွေကို ယူဆောင်နိုင်ပါ​တယ်"ဟု KSO တာဝန်ရှိသူကပြောသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ စက်ဘီး၊ဆိုင်ကယ်၊ထော်လာဂျီ နှင့်လယ်ယာသုံး ပစ္စည်းအချို့ ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်းက ခင်ဦး-ရေဦးသွား ကားလမ်းဘေးရှိ မူးတိမ်ချောင်း တံတား အထိုင်စခန်း၊ ရွာသစ်ကုန်းပျူရွာ အထိုင်စခန်းနှင့်အင်းပတ်ကွေ့ဈေးတန်း အထိုင် စခန်းများကို နိုဝင်ဘာ ၆ရက်နှင့်၈ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ပြီး ယင်းနေရာများနှင့်အနီးပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နိုဝင်ဘာ ၁၁ရက်တွင် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

"အထိုင်ချ စခန်းတွေရဲ့ ပတ်လည်နေရာတွေကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အလုံးစုံ ရှင်းလင်းဝင်ရောက်ခဲ့ပြီး စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ အထိုင်ချ နေရာတွေကို ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။ အင်တာနက်အခက်အခဲကြောင့် သတင်း ထုတ်ပြန်တာတွေ နောက်ကျတာပါ "ဟု KSO တာဝန်ရှိသူကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခင်ဦးမြို့နယ်အတွင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံး အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly