ဘားအံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့်  ရေဘေးသင့်သူ ၇,၀၀၀ နီးပါးရှိ

By YT (မဇ္ဈိမ)
13 August 2023
ဘားအံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့်  ရေဘေးသင့်သူ ၇,၀၀၀ နီးပါးရှိ
ဓါတ်ပုံ- U U Hpa An Thar ပုံအညွှန်း- မိုးလုံလေလုံအားကစားကွင်း အရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းမြင်ကွင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် သံလွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်မြင့်တက်ပြီး မြေအနိမ့်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ ၍ ရေဘေးသင့်ပြည်သူ ၆,၈၅၀ ဦးရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် လူမှုကူညီရေးအသင်းများ ထံမှ သိရသည်။

ဘားအံမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ ကြောင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ကာ မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းမများပေါ်ထိ ရေလွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဩဂုတ်လ ၁၂ ရက်နေ့ တိုင်းတာချက်အရ တပေခန့်ကျဆင်း သွားသော်လည်း စိုးရိမ်ရေမှတ်အထက် သုံးပေခန့်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

“ရေကတဝက်လောက်ပြန်ကျပေမယ့် ကျတာနှေးတဲ့အတွက် ဒေသခံတွေ အိမ်မပြန်ရဲကြသေးဘူး။ ဒုတိယအကြိမ် ပြန်တက်ဦးမှာဆိုတော့ တချို့ကလည်း မပြန်ချင်ကြသေးဘူး” ဟု ဒေသတွင်း သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ကမေးမြန်းချက်အရ ဘားအံမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံသူ ၆,၈၅၀ ဦးရှိကာ ရေအနည်းငယ်ကျဆင်း သွား၍ အချို့မှာ မိမိတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ 

သို့သော် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် မြင့်တက်နေဆဲဖြစ်ပြီ မိုးဆက်လက်ရွာသွန်းနေ၍ မြစ် ရေထပ်မံတက်လာနိုင်ချေရှိသောကြောင့် အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင်သာ နေထိုင်နေဆဲဖြစ် ကြောင်း သိရသည်။

“ဇာသပြင်-ဘားအံအဖြောင့်လမ်း၊ ကျော်ဇေယျလမ်း အဲ့ဒါက ဆေးရုံကြီးအနောက်ဘက်ကလမ်း၊ ပြီးတော့ ပိတောက်လမ်း၊ မြို့ရှောင်လမ်း အဲဒီလိုလမ်းတွေတော့ ရေတော်တော်ကျသွားပြီ။ ဆိုင်ကယ်တွေသွားလာ လို့ရနေပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းသားတဦးက မဇ္ဈိမကိုပြောသည်။

ဘားအံမြို့နယ်ရှိ ရေဘေးအရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းများတွင် လက်ရှိခိုလှုံနေသော ရေဘေး သင့်ပြည်သူအရေအတွက်အား မဇ္ဈိမမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်အပြင် လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့နယ်တို့တွင်လည်း မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required