နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဩဂုတ် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    နွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ ပေးဆပ်အနစ်နာခံမှု ၊ ဆန်းသစ်တီထွင်မှု ၊ မြဲမြံခိုင်မာသည့် ယုံကြည်ချက်ဖြင့် တော်လှန်ရေးတွင် တစ်သားတည်း ရပ်တည်မှုများသည် အနာဂတ် ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ခမ်းနားသည့် သမိုင်းအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ် ၁၂ ရက်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

•    မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီအုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို စုပေါင်းတော်လှန်တိုက်ခိုက်ကြရင်း ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး၏ သွေးစည်းညီညွတ်မှုမှာ ပိုမိုအားကောင်းလာပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ပေါက်လာရေး ဘုံရည်မှန်းချက်သည် လက်တကမ်းအကွာကို ရောက်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက (၇၃)နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

•    စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး ပြည်သူပိုင်လမ်းတွင် အကြမ်းဖက်စစ်တပ်က ထောင်ထားသည့် နင်းမိုင်းများကို  ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် PDF တပ်ဖွဲ့က ဖြုတ်သိမ်းနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထားသည်။

•    အမျိုးသာညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော ပြည်ပရောက် မြန်မာနိုင်ငံသား မိဘ နှစ်ပါးမှ မွေးဖွားသော သား/သမီးများအား မွေးစာရင်းလက်မှတ်ထုတ်ပေး ရေးလုပ်ငန်း ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

•    မကွေးတိုင်း ၊ ဆောမြို့နယ်က စစ်ဘေးရှောင်များကို NUG ဆောကျန်းမာရေးတာဝန်ခံ နှင့် PDF အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ဆေးတပ်သားများက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်ဟု The Youth Force-Saw & Kyaukhtu က ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်း ဖွင့်လှစ်ထားသော ဖူဆယ်ဘောလုံးကွင်းကို ဩဂုတ် ၁၁ ရက်၊ နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း UDF (YGN) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ် ၁၃ ရက်တွင် ၈၇၄ ရက်မြောက်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် အလယ်ကျွန်း ပျူစောထီး ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် စစ်တပ်စစ်ကြောင်းကို ဩဂုတ် ၁၁ ရက်၊ ညနေ ၄ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရမှု ရှိနိုင်ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကျောက်စစ်ပုံ အမြောက်တပ်ကို ဩဂုတ် ၈ ရက်၊ မွန်းလွဲပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြော်း One Star PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများကို ဩဂုတ် ၁၁ ရက်၊ နံနက်ပိုင်းက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်သာ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ် စံပြကျေးရွာရှိ ရွာဈေးဆိုင်တန်းများကို အကြမ်းဖက် စစ်တပ်က ဩဂုတ် ၁၂ ရက်မှ ယနေ့ ဩဂုတ် ၁၃ ရက်အထိ မီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ ရွှေစကာရွာအနီး ၊ ကြာညှပ်ဂိတ်မှ ထွက်လာသည့် စစ်ကား ၂ စီးကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား လေးဦး သေဆုံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာတွင် ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက လူမှုကူညီရေးအသင်း ဥက္ကဋ္ဌတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

•    ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ် ၁၂ ရက်၊ ည ၉နာရီကျော်ခန့်က မိုင်တဲတာဝါတိုင်မိုင်းဆွဲ ခံရပြီးနောက် စစ်တပ်က ယာဉ်တန်းဖြင့် လာရောက်စစ်ဆေးစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရမှုူ ကြောင့် ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း Soul Takers Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေ သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ရဲဝန်ထမ်းဟောင်း ဗိုလ်ကျင်ကို (ခ) ကျင်ထွေးသည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

•    နေပြည်တော်၊ ပျဉ်းမနားမြို့နယ် နှင့် မိုင် ၃၀ ကွာဝေးသည့် ဘို့မသံတောင် စစ်တပ်စန်းကို တော်လှန်ရေးတပ်များက ဩဂုတ် ၁၀ ရက်က ဝင်ရောက်တိုက်ခိုက်ရာ ခမရ ၄၁၁ မှ အရာရှိ တစ်ဦး အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

•    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်သား ထွန်းနိုင်လင်း သည် ဩဂုတ် ၁၂ ရက်၊ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်း မြစ်ထံမှ သိရသည်။

•    ကရင်ပြည်နယ် ၊ ဖာပွန်မြို့နယ်တွင် လူမရှိသည့် အစိုးရရုံး ၄ ရုံး ၊ ထွေအုပ်ဝန်ထမ်းလိုင်းခန်းနှင့် လဝက ခရိုင်မှူးနေအိမ်တို့တွင် ဩဂုတ်လ ၁၁ ရက် ညပိုင်းက မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများက ပြောသည်။

•    Royal Peacock Column တော်ဝင်ဒေါင်းစစ်ကြောင်း နှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၁၃ ရက်က အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ပြည်သူများကို တပ်ရင်း၏ ရိက္ခာများ မျှဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

•    ကျားဖြူစစ်ကြောင်း ၊ တပ်ခွဲ (၃)ဖြစ်သည့် Triple-K (ကော့ကရိတ် PDF) တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူရန် ရန်ပုံငွေရှာဖွေသည့် ကျပ်သိန်း ၅၀၀ “ တာလပေါ့ ” Fundraising ကမ်ပိန်းစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

•    ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၃ ရက်တွင် “အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ် ဖို့ PDF ကို ထောက်ပံ့စို့ ” ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကရင်ပြည်နယ် ၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ၅ခုထက်မနည်းကို ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် တပြိုင်နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝန်ထမ်း အားလုံး ထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

•    ချင်းပြည်နယ် ၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၆၈ စခန်းကို ဩဂုတ်လ ၁၂ ရက် နံနက်အစောပိုင်း ၁နာရီခန့်က ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက်ခဲ ယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသားတပ်မတော် CNA မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

•    ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ၏ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် SNA  နှင့် KIA တို့ကြား စစ်ရေးပြန်လည်တင်းမာနေကြောင်း သိရသည်။ 

•    ကရင်နီ (ကယား) ပြည်နယ် ၊ ဖရူဆိုမြို့နယ် ၊ ကဒါးလားတိုက်ပွဲတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ မှ ရဲဘော်တစ်ဦး စစ်ကောင်စီတပ်နှင့် အပြန်အလှန် တိုက်ခိုက်ရင်း ကျဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ မှ ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

•    ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန် ရပ်တန့်ထားသည့် စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းနေကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) စတင် ဖွင့်လှစ်လည်ပတ်ခြင်းအခမ်းအနားတွင် ပြောသည်။

•    စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးသစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရှရှားနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာစစ်ဘက်နည်းပညာ ဖိုရမ်နှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်ရန် ဩဂုတ်လ ၁၂ ရက်က ရန်ကုန်လေဆိပ်မှတစ်ဆင့် ရှရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

•    ရွှေဈေးကစားသူများကို သိရှိနိုင်ရန် အတုံး ၊ ရွှေခဲရောင်းဝယ်မှုကို Online Trading ဖြင့် ဆောင်ရွက်ပြီး ဈေးနှုန်းနှင့် ငွေပေးချေမှုများကို စိစစ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေက ပြောသည်။

•    စစ်ကောင်စီလက်အောက်ခံ  အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် မေလတွင် ပထမအကြိမ်အဖြစ် အရန်ဆန်အိတ် (၂)သိန်းကို ဝယ်ယူခဲ့ပြီးနောက် ယခု ဩဂုတ်လတွင် အရန်ဆန်အိတ် (၅)သိန်းကို ထပ်မံဝယ်ယူစုဆောင်လိုက်ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ယမနေကျေးရွာ အတွင်းသို့ လက်နက်ကိုင်အဖွဲ့များမှ ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက လက်နက်ကြီး ၊ သေနတ်များ ၊ Drop Bomb များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးကာ သုံးဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ထား သည်။ 

ဩဂုတ် ၁၃ ရက် သုံးသပ်ချက် 

•    စစ်ကောင်စီသည် ပြည်ပသွင်းကုန်များစွာ တင်သွင်းနေရသည့်အတွက် သွင်းကုန်အစား ထိုးရန် ရပ်တန့်ထားသည့် လုပ်ငန်းများကို ပြန်လည်ပတ်ရန် လုပ်ဆောင်နေသော်လည်း ပြည်ပ သွင်းကုန်များစွာ တင်သွင်းနေရဆဲဖြစ်ပြီး ကုန်သွယ်မှုလိုငွေပြနေသည်ကို တွေ့ရသည်။

•    စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ရွှေဈေးကစားမှုများကို ထိန်းချုပ်ရန် အွန်လိုင်း ရောင်းဝယ်မှုဖြင့် ဆောင်ရွက်ရန် စီစဉ်နေသော်လည်း တကယ်လက်တွေ့တွင် ရွှေဈေးမြင့်တက် နေမှုကို မထိန်းချုပ်နိုင်သေးသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly