ဘုတလင်မြိို့မီးသတ်ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများအပါအဝင် ၁၈ဦးကို ပကဖ ဖမ်းဆီးထိန်းသိမ်း

By ရွှေနွယ်( မဇ္ဈိမ )
08 August 2023
ဘုတလင်မြိို့မီးသတ်ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများအပါအဝင် ၁၈ဦးကို ပကဖ ဖမ်းဆီးထိန်းသိမ်း
Photo - ဘုတလင်မြို့၊မီးသတ်ဦးစီးဌာနရုံး(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ မီးသတ်ဦးစီးဌာနရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၃နာရီခန့်တွင် ဝင်ရောက်ပြီး  Non CDM ဝန်ထမ်းများနှင့်မိသားစုဝင်များအပါအဝင်  စုစုပေါင်း၁၈ ဦးကို ထိန်းသိမ်းလိုက်သည်။

ထိုဖြစ်စဉ်တွင် မီးသတ်ဦးစီးမှူး၊လက်ထောက်ဦးစီး၊ဝန်ထမ်းအချို့နှင့်မိသားစုဝင်အချို့အပါအဝင် ၁၈ဦး ထိန်းသိမ်းခဲ့သည်ဟု  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

"လူ့အခွင့်အရေးနဲ့အညီထိန်းသိမ်းထားပါတယ်။ လက်ရှိမှာ အားလုံးဘေးကင်းရာမှာရှိနေပါတယ်"ဟု အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ယနေ့ ပြောသည်။

မီးသတ်ဌာန Non CDM ဝန်ထမ်းများအား ဖမ်းဆီးခဲ့သည့် ယခုအစီအစဉ်ကို ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မီးသတ်ကားနှစ်စီးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယူဆောင်လာခဲ့သည်။ ဖမ်းဆီးထားသူများအား ယခုအခါ လုံခြုံသည့်နေရာတွင်ထားရှိပြီး မိသားစုဝင်များနှင့်လည်း ဖုန်းဆက်သွယ်ခွင့်ပြုထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

အဆိုပါ Non CDM ဝန်ထမ်းများကို ပကဖက ဖမ်းဆီး‌ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မီးသတ်ရုံးသို့ ရောက်လာခဲ့ပြီး အနီးအနားမှပြည်သူအချို့ကိုဖမ်းဆီးသွားသည်ဟု သိရသည်။ စစ်ကောင်စီက ဖမ်းဆီးသွားသူအရေအတွက်နှင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။ ဘုတလင်မြို့ မီးသတ်ဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက်ို ယခင်ကလည်း ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက နှစ် ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

ဘုတလင်မြို့နယ်သည် ဒီပဲယင်း၊ကနီ၊ရွှေဘို၊ ဝက်လက်မြို့တို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည်။  အဆိုပါဒေသများတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏကြုံတွေ့နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာနေသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗကသဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအပါအဝင်ရှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly