ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်က “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ပြော

By ရိုက်တာ
03 August 2023
ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်က “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ပြော
Photo-AFP

အကျဉ်းချခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပေးမှုက “လုံးဝ အဓိပ္ပါယ်မရှိသည့် လုပ်ဆောင်ချက်” သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ဩဂုတ် ၂ ရက်တွင် ပြောသည်။

တစ်ဆက်တည်းမှာပင် စစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးရေး ယခုထက် ပိုမိုလုပ်ဆောင်ရန် အနောက်အုပ်စုအစိုးရများကို ၎င်းက တိုက်တွန်းသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှု ၁၉ ခုအနက် ငါး ခုကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့်အတွက် သူမ ချမှတ်ခံထားရသော ထောင်ဒဏ် ၃၃ နှစ်အနက် ပြစ်ဒဏ်ခြောက်နှစ် လျှော့ပေါ့စေခဲ့သည် ဖြစ်သော်လည်း စစ်ကောင်စီ၏ ထိုလုပ်ရပ်သည် ဝါဒဖြန့်ချိသည့် လုပ်ရပ်တစ်ခုနှင့်အတူတူပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းက ဆိုသည်။

“ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဘာမှ သိပ် ထူးထူးခြားခြား ဖြစ်မသွားပါဘူး။ စစ်တပ်ဟာ မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အများအမြင်မှာ ပိုမြင်လို့ကောင်းအောင် လုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဝါဒဖြန့်တဲ့ ဒီ ကစားကွက်တွေ ကစားခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိပါတယ်” ဟု ၎င်းက လန်ဒန်တွင် ရိုက်တာသတင်းဌာနကို ပြောသည်။

“ကျွန်တော့် မိခင်ကို သူတို့က ပြစ်ဒဏ် နှစ်အနည်းငယ် လျှော့ပေါ့ပေးတယ်ဆိုတာက တကယ့်တော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် အစောပိုင်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ထို့နောက် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ အကျဉ်းချခံရ သို့မဟုတ် သတ်ဖြတ်ခံရမှုများနှင့်အတူ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်ခဲ့ရသည်။

အစမ်းသဘော စစ်တပ် ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ကျင်းပသော ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ခဲ့ရသလို ထို့နောက် သူမ၏ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အပြတ်အသတ် ထပ်မံ အနိုင်ရခဲ့ပြီးနောက်တွင် စစ်တပ်က မဲမသမာမှုများ ရှိသည်ဟု အကြောင်းပြပြီး အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အသက် ၇၈ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူအောင် လှုံ့ဆော်မှုနှင့် ရွေးကောက်ပွဲ မသမာမှုမှစပြီး အဂတိလိုက်စားမှုအထိ စွဲချက်အမျိုးမျိုးဖြင့် သူမအပေါ် စွပ်စွဲပြစ်ဒဏ်ချမှတ်ထားသည့် စွဲချက်အားလုံးကို ငြင်းဆိုထားပြီး အယူခံဝင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ခင်ပွန်းဖြစ်သည့် ကွယ်လွန်သူ မိုက်ကယ် အဲရစ်တို့၏ သားငယ်ဖြစ်သော အသက် ၄၄ နှစ်ရှိ ကင်မ် အဲရစ်က သူ့အနေဖြင့် မြန်မာစစ်အာဏာသိမ်းပြီးကတည်းက မိခင်ဖြစ်သူနှင့် အဆက်အသွယ် မရခဲ့ကြောင်းနှင့် မိခင်ဖြစ်သူ လက်ရှိ ထိန်းသိမ်းခံထားရသည့် အခြေအနေများကို မသိရှိဟု ပြောသည်။ မိခင်ဖြစ်သူကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းထားသည် ဆိုသည့် သတင်းများနှင့်ပတ်သက်၍လည်း စိစစ်အတည်ပြုနိုင်သော သက်သေအထောက်အထားတို့ ရှိမနေဟု ၎င်းက ပြောသည်။

“ကျွန်တော့်အနေနဲ့က ဘာဆိုဘာမှ အဆက်အသွယ် မရှိဘဲ ဖြစ်နေသလို ဒီတစ်ကြိမ်ကတော့ အရင်အချိန်တွေထက် အတော်လေး ပိုတင်းတင်းကျပ်ကျပ် ဖြစ်အောင် သူတို့ လုပ်ထားတယ်” ဟု ကင်မ် အဲရစ်က ပြောသည်။

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခဲ့ကြောင်းနှင့် သူမသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ နိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly