နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

By 001 (မဇ္စျိမ)
17 July 2023
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အဂတိအမှုများ အပါအဝင် စုစုပေါင်းအထူးအယူခံ အမှုခြောက်မှုကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်တွင် လရောင်တော စိုက်ပျိုးသက် မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် မြေကွက်များ လျှောက်ထားရယူသည့်ကိစ္စ ၊ လရောင်တောမြေနေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် တစ်ထပ်အဆောက်အဦးကို လှူဒါန်းငွေဖြင့် ဆောက်သည်ဆိုသည့်ကိစ္စ၊ ရန်ကုန်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်လှစ်မည့် အဆောက်အဦးနှင့် မြေကွက်ကိစ္စတို့အပေါ် စစ်ကောင်စီဘက်က အဂတိအမှု လေးမှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုလေးမှုအတွက် စစ်ကောင်စီလက်အောက်ခံတရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်တပေါင်းတည်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ရာ တရားလွှတ်တော်ချုပ်အထိ ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

အလားတူ စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနဘက်ကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာများကို နိုင်ငံပိုင်သိမ်းရန် အယူခံတက်ခဲ့ပြီး ယင်းအပေါ်တွင်လည်း တရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပယ်ချခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီဘက်က အထူးအယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုများတွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲ တရားစွဲဆို ခံထားရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ယင်းအမှုများကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ၊ အထူးအယူခံအမှုများအဖြစ် ကြားနာလျက်ရှိသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly