သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ

By YT  ( မဇ္ဈိမ)
10 July 2023
သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ
ဓါတ်ပုံ- Nay Lin Aung ( လူမှုကွန်ယက်)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း ယနေ့ ဇူလိုင် လ ၁၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များထံမှ သိရသည်။

သထုံ-ဘားအံလမ်းမကြီး ကရင်ပြည်နယ်ဘက်အခြမ်း၊ ဘားအံမြို့နယ်၊ ဂူဝကျေးရွာ၊ ဘုရင့်ညီဂူနှင့် ဝါးပိုး တောလမ်းဆုံကြားရှိ တံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ 

ဖောက်ခွဲမှုကြောင့် တံတားလက်ရန်းအချို့ပျက်စီးပြီး ကြမ်းခင်းအချို့ အက်ကွဲ၊ ပေါက်ပြဲသွားကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကဆိုသည်။

“အခုတော့ လမ်းတစ်ခြမ်း ပိတ်ထားသေးတယ်။ ကျန်တဲ့အခြမ်းကနေ အကုန်ပြန်သွားလို့ရနေပါပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်အစောပိုင်းက တံတားပေါ်သို့ ယာဉ်ဖြတ်သန်း သွားလာမှုကို ပိတ်ဆို့ထားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်မှစ၍ အိမ်စီးကားများ၊ ဆိုင်ကယ်၊ သုံးဘီး အစရှိ သည့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ ကုန်ကားအချို့ကိုပါ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံရသည့်တံတားတည်ရှိရာ သထုံ- ဘားအံလမ်းမကြီးသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေကြရသည့်လမ်းဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ မိတ်ဖက်ရေးရာကော်မတီ ဥက္ကဋ္ဌထံ မဇ္ဈိမမှ ဖုန်းဖြင့်လေးကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား တားဆီးရန် ဘီးလင်းမြို့ နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား(ခ) ဗိုလ် ပလေးတံတားအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required