ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည်လွတ်မြောက်

By 001 ၊ ခက်နွေ(မဇ္စျိမ)
05 July 2023
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည်လွတ်မြောက်
ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်နှင့် ကြည့်နေသူသည် လွတ်မြောက်လာသော ရဲအုပ်ပြည့်ဖြိုးနိုင် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင် ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင်  ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ရဲအုပ်ပြည့်ဖြိုးနိုင်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေပုဒ်မဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်သုံးနှစ် ချမှတ် ခံခဲ့ရကာ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

“အခုတော့ အိမ်ကိုပြန်နေပြီ။ သူက လွတ်ရက်စေ့နဲ့လွတ်တာ။ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်သုံးနှစ် ကျထားတာ” ဟု အကျဥ်းထောင်နှင့် နီးစပ်သူတဦးကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ရဲအုပ်ပြည့်ဖြိုးနိုင်အား ဖမ်းဆီးကာ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေပုဒ်မဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ရဲအုပ်ပြည့်ဖြိုးနိုင်မှာ ထောင်စည်းမျဥ်းအရ သတ်မှတ်ထားသည့် လျှော့ရက်ကိုသာရရှိပြီး အထူးလျှော့ရက် မရရှိကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကလည်း မဇ္စျိမကို ပြောသည်။

“သူက တနှစ်ကိုဘယ်လောက်၊ တလကိုဘယ်လောက်ရမယ်။ အဲ့ဒီလျှော့ရက်ပဲ၊ ထောင်စည်းမျဥ်းကသတ် မှတ်တဲ့ဟာပဲရတာ။ ကျန်တာရလို့မဟုတ်ဘူး။ အဲဒီလိုတော့ သိရတယ်” ဟု ဆိုသည်။

ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖော်ရွေသူတဦးဖြစ်ပြီး အကျဉ်းထောင်ရှိလူကြီးများအတွက် အားကိုးရသူဖြစ် ကြောင်း ၎င်းနှင့်အတူ အကျဉ်းကျခဲ့သည့် ရမည်းသင်းထောင်မှ လွတ်မြောက်လာသူတဦးက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်က ဖမ်း ဆီးခဲ့သော်လည်း သက်တော်စောင့်များကိုမူ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့ နှစ်ဦးကို စစ်ကောင်စီတပ်မှ တပြိုင်တည်း ဖမ်းဆီးခံခြင်းဖြစ်သည်။

ဒုရဲအုပ်ချယ်ရီထက်မှာ  ရမည်းအကျဉ်းသင်းထောင်တွင်ပင်ရှိနေပြီ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေ၊ ပုဒ်မ ၅၀၅ (က) စသည်တို့ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိတဦးဖြစ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းနှင့်လုံခြုံရေးဆိုင် ရာဌာန၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးသည်လည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)တို့ဖြင့် ရမည်းသင်းအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသည်။ 

ရမည်းသင်းအကျဉ်းထောင်တွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တို့လည်း အကျဥ်းကျခံနေရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၆၇၄ ဦးရှိပြီး ထို အထဲမှ  ၁၉,၃၁၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly