ပန်းသပိတ်လှုပ်ရှားမည့်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

By 007 (မဇ္စျိမ)
18 June 2023
ပန်းသပိတ်လှုပ်ရှားမည့်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လှုပ်ရှားကြမည့်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများက သတိပေးစကား ဆိုသည်။

“အွန်လိုင်းကနေ ပုံတင်တာပဲ ဖြစ်ဖြစ်၊ ပို့စ်တခုခု တင်တာပဲဖြစ်ဖြစ်၊ လုံခြုံရေးသတိနဲ့လုပ်ကြဖို့ အသိပေး လိုပါတယ်၊ စစ်ကောင်စီဘက်ကတော့ ဒီမနက်ကတည်းကစပြီး လိုက်ဖမ်းခိုင်းနေပြီ၊ အဖမ်းခံလိုက်ရတာ တွေလည်းရှိတယ်" ဟု တော်လှန်ရေးအင်အားစုမှအဖွဲ့ဝင်တဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့အဆင်ပြေသလို ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ် ကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။

လူထုက ပန်းသပိတ်လှုပ်ရှားကြမည့်အပေါ် ကြောက်ရွံ့စိုးရိမ်နေသည့်စစ်အုပ်စုသည် ပန်းသပိတ် လှုပ်ရှား ကြသူများအား ဖမ်းဆီးရန် ၎င်းတို့ခြေချအသုံးပြုခွင့်ရသည့် တယ်လီဂရမ်ချန်နယ်များမှတဆင့် တန်ပြန်လှုပ်ရှားနေကြသည်ကို တွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဟန်ငြိမ်းဦး၊ နောင်တော်လေး၊ သဇင်ဦး၊ People စတဲ့တယ်လီဂရမ်ချန်နယ်တွေကနေ စောင့်ကြည့်နေ ကြတယ်၊ ဒါကို လူထုကသတိရှိဖို့လိုတယ်၊ လောလောဆယ်တော့ သူတို့လူနဲ့သူတို့ ရုပ်ဖျက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ခြိမ်းခြောက်နေကြတယ်၊ သတင်းတွေမှာ Comment ရေးတာတွေကို Screen Shot ယူပြီး ဖမ်းခိုင်းတာတွေရှိတယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ရှိအချိန်၌ နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရသည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇)၊ သဘာ၀ဘေးစီမံမှုပုဒ်မ (၂၅)၊ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃၁(ဂ) ၊ ပို့ကုန်ဥပဒေပုဒ်မ (၈) အစရှိ သည့် ပုဒ်မပေါင်း ၁၉ ခုဖြင့် စွပ်စွဲတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချထားခြင်းဖြစ်သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required