မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်၍မရဟု ကိုမြအေးပြော

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်၍မရဟု ကိုမြအေးပြော

 မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်၍မရကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထု အများစုကြီးက ယုံကြည်ထောက်ခံထားတယ်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့ မရဘူး။ ပြည်သူလူထုရဲ့ဆန္ဒကိုတော့ လေးစားရလိမ့်မယ်။ ဒါကြောင့် ကိုယ်ကြိုက်တာ မကြိုက်တာ၊ သဘောတူတာ မတူတာက တစ်ပိုင်းဘဲ။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့စဉ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုချန်လှပ်စဉ်းစားလို့ မရနိုင်ပါဘူး၊ ဒါပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ" ဟု ကိုမြအေးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံရေးသမားတစ်ယောက် ဆက်လက်တည်ရှိခြင်း၊ မရှိခြင်းမှာ ထောက်ခံအားပေးသူများနှင့် ကာယကံရှင်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ကြောင်း ကိုမြအေးက ဆိုသည်။

"လုပ်ရပ်မှန်ရင် တက်မယ်၊ မှားရင် ကျမယ်၊ ဒါပဲ။ သိပ်ကိုရိုးရှင်းတယ်။ ဝေဖန်ခွင့်ရှိတယ်။ အပုတ်ချခွင့်တော့ ကျင့်ဝတ်အရ မသင့်ဘူး။ နည်းလမ်းပေါင်းစုံသုံးပြီးဆွဲချလည်း လူထုထောက်ခံမှုရှိသရွေ့ သူကျမှာမဟုတ်ဘူး။သဘောမတူညီမှုတွေကို နိုင်ငံရေးအရ ဝေဖန်ထောက်ပြခွင့် ရှိတယ်။ပြန်လှန်ငြင်းပယ်ခွင့်လည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သဘောထားကွဲပြားတာတွေ များစွာရှိနိုင်တယ်။ဒါ ပြဿနာမဟုတ်ဘူး" ဟု ကိုမြအေးက ရေးသားထားသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ရွှေတောင်ကြားရပ်ကွက် ၊ ဗောဓိရိပ်သာလမ်း နေအိမ်၌ သွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှစွန့်လွှတ်၍ လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးတွင် ဦးဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်။

ဆရာတော်အရှင်ဥတ္တမသာရသည် ဦးတင်ဦးအား သွားရောက်တွေ့ဆုံပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်း ၊ ဒေဝသာဂရ ရဟန္တာ သိမ်ဖြူတော်တွင် ရဟန်းဘဝခံယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ၄၅ လမ်း သဘာဝတရားရိပ်သာ၊၂၀၀၈ ခုနှစ်တွင် ဘုရားကုန်း သန်လျင်သဘာဝတရားရိပ်သာ တို့ကို တည်ထောင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly