နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့၏ အမှုပြင်ဆင်မှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

By 001 (မဇ္စျိမ)
23 June 2023
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့၏ အမှုပြင်ဆင်မှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲအမိန့်ချထားသည့် အမှုနှစ်မှု ပြင်ဆင်မှုကို လာမည့် ဇူလိုင်လ ပထမပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားရန် ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အမှုနှစ်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ ပူးတွဲစွဲဆိုခံထားရသည့် ပုဒ်မ ၁၃၀ (က) အမှုတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများမှာ တရားလွှတ်တော်ချုပ်က ကြားနာရန် လက်ခံထားသည့် အမှုများဖြစ်ပြီး ယခုတစ်ကြိမ်ကြားနာပြီးပါက အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကိစ္စဖြင့် စွပ်စွဲခဲ့သည့် ပုဒ်မ ၁၃၀(က) အမှုအတွက် စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက စွပ်စွဲခံရသူများကို အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၃(၁)(ဂ) အမှုမှာမူ ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်လ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ ပူးတွဲစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက ၎င်းတို့အား တစ်ဦးလျှင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး လက်ရှိတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်သည့်သူများမှာ လွတ်ရက်စေ့၊ လွတ်ငြိမ်းတို့ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၁၉ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်မှာ အမှုရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required