၀က်လက်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

By 007 (မဇ္ဈိမ)
04 July 2023
၀က်လက်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force) အဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ရွှေညောင်တော်ရွာနှင့် မင်းရွာတောင်ကြားတွင်ဖြစ်ပွားသည့်  ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်နဲ့တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်သုံး ယောက် ကျည်ထိမှန်တယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာ ရသွားပါတယ်” ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း(၁၅)(တပ်ခွဲ ၃) Eagle ပြောက်ကျားတပ်ဖွဲ့၊ ရဲရဲတောက်လူငယ် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့တို့သည် ယမန်နေ့ညနေ ၅ နာရီ ခွဲခန့်ကလည်း စစ်ကိုင်းမြို့နယ် ပဒူကျေးရွာရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါရဲစခန်းအတွင်း စခန်းချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစော ထီးများကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ၉၀ မမ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာပြန်လည်ပစ်ခတ်ခဲ့ကြောင်း  မြေပြင်သတင်း ပေးပို့ချက်အရသိရသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက် ရိုး)အဖွဲ့က ဆိုသည်။

“စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)၊ ရဲနဲ့ ပျူစောထီးအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း(၁၅)(Eagle Guerrilla Force ဗိုလ်ကောက်ရိုး)တပ်ဖွဲ့၊ ကျောက် ဆည်ခရိုင်တပ်ရင်း(၁) (နဂါးနီ တပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ (လေသူရဲ ဒရုန်းတပ်ဖွဲ့)၊ မြင်းခြံခရိုင်တပ်ရင်း (၇)(Zero ပြောက်ကျားတပ်ဖွဲ့)၊ ဆားတောင်မိုး ကြိုးတပ်ဖွဲ့၊ GTR MMU နှင့် ဒေသခံတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required