“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထား

By ဂန္ဒမာ (မဇ္ဈိမ)
28 June 2023
“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထား

ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများပြုလုပ်နိုင်ရန် ကန်ဒေါ်လာ ၅၀၀,၀၀၀ ရှာဖွေမည့် “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းမှ ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထားပြီး ရန်ကုန် PDF အပါအဝင် ထပ်မံဖွဲ့စည်းမည့် တပ်ရင်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်ပိန်းမှရရှိလာမည့် ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းစစ်ဒေသ(အမှတ်၂ စစ်ဒေသ) စစ်ဒေသခွဲအမှတ်(၂)  ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ တပ်ရင်းတပ်ဖွဲ့စုဖွဲ့မှု များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

“တပ်ရင်း ၅၁၀၁ အပါအဝင် နောက်ထပ်ဖွဲ့စည်းမယ့်တပ်ရင်းတွေအတွက် လိုအပ်တဲ့အရာများကိုအဓိက ဖြည့်တင်းသုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်အတွက်အလင်းစက် ကမ်ပိန်းမှတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လိုအပ်နေသည်များမှာ လက်နက်၊ ရဲဘော်များအတွက် စစ်အသုံးအဆောင်ပစ္စည်းကရိယာများ၊ စခန်းတွင်း စခန်းပြင် နေထိုင်စားသောက်စားရိတ်၊ စစ်ဆင်ရေးအတွက်လိုအပ်သောခဲယမ်း စသည်တို့ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းအား ဇွန်လ ၁ ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့ထိ ၁၆၅,၀၀၃.၂၉ ဒေါ်လာရရှိထားပြီးဖြစ်သော်လည်း သတ်မှတ်ပမာဏ၏တစ်ဝက်ကို မပြည့်မှီသေးသည့်အတွက် မျှော်မှန်း ပမာဏနှင့် ဝေးနေသေးကြောင်း ဆိုသည်။

ကမ်ပိန်းတွင် ပါဝင်လှူဒါန်းသူများတွင် ပြည်တွင်းနှင့် စင်ကာပူနိုင်ငံနေပြည်သူများ၏ ပါဝင်မှုက ဦးဆောင် နေကြောင်း သိရသည်။

“ရန်ကုန်အတွက် အလင်းစက်”ကမ်ပိန်းပေါ်ထွက်လာသည်နှင့်တပြိုင်နက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သဖြင့် ရန်ကုန် မြို့နေပြည်သူများက မြို့ပြတွင်စခန်းသိမ်းတိုက်ပွဲများကို ချက်ခြင်းမြင်တွေ့ရတော့မည်အလား ထင်မှတ်ခဲ့ ကြကြောင်း ကမ်ပိန်းတာဝန်ရှိသူက ဆိုသည်။

“အခက်အခဲပေါင်းများစွာကနေ တပ်ရင်းတပ်ဖွဲ့အဖြစ်ထိတိုးမြှင့်နိုင်တာဟာ ရန်ကုန်ရဲ့ တိုးတက်မှုဖြစ်ပါ တယ်။ နယ်မြေအသီးသီးမှာမြင့်တက်လာတဲ့ စစ်ရေးအရှိန်အဟုန်ထိုးစစ်နဲ့ စခန်းသိမ်းတိုက်ပွဲတွေကို ရန်ကုန်မှာ နေ့ချင်းညချင်းမတွေ့မြင်ရနိုင်သေးပေမယ့် ဒီကမ်ပိန်းနဲ့အတူ ရန်ကုန်တပ်ရင်းတပ်ဖွဲ့တွေဟာ စနစ်တကျပြင်ဆင်မှုနဲ့ အချိန်ကိုက် လှုပ်ရှားသွားမှာဖြစ်ပါတယ်” ပြောသည်။

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှသာ စတင်ဖွဲ့စည်းသော်လည်း တော်လှန်ရေး ကာလအစကတည်းက ရန်ကုန်တိုင်းစစ်ဆင်ရေးအဖြစ် မြို့ပြပြောက်ကျား(UG)လှုပ်ရှားမှုများ တောက် လျှောက်ရှိခဲ့ကြောင်း ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်း တာဝန်ရှိသူက ပြောကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly