“လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ လမ်းများ သွားလာခွင့် NUG ကန့်သတ်

By ရွှေနွယ် (မဇ္ဈိမ)
01 July 2023
“လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ လမ်းများ သွားလာခွင့် NUG ကန့်သတ်
ရန်ကုန်-မန္တလေးအမြန်လမ်းတစ်နေရာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ က “လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ်  ပြည်သူများကို ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ လမ်းများ သွားလာခွင့်ကန့်သတ်ကြောင်း ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင်  ထုတ်ပြန်သည်။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိက လမ်းပိုင်းများဖြစ်သည့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ကတော့ ဝန်ကြီးလည်းပြောထားတဲ့အတိုင်းပဲ "လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးအတိုင်း ဆောင်ရွက်နေတာပါ။ လမ်းသွားလာခွင့် ကန့်သတ်လိုက်တာဟာလည်း စစ်ရေးအရှိန်မြင့်လာဖို့ ရှိနေတာကြောင့်ပါ။ နေပြည်တော်နဲ့ ထိစပ်နေသောမြို့နယ်တွေ ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ်တွေက ပြည်သူတွေအနေနဲ့လည်း သတိထားသွားလာနိုင်ကြဖို့အတွက် အသိပေးထုတ်ပြန်တာပါ" ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲတွင်ပါဝင်သော ပဲခူးတိုင်း စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကိုပြောသည်။

 စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်သူများ ပြည်သူများထိခိုက်နစ်နာမှုမရှိရစေရန် သတိပေးထုတ်ပြန်ရခြင်းဖြပြီး လိုက်နာရန် ပျက်ကွက်ပါက နောက်ဆက်တွဲအကျိုးဆက်များအား တာဝန်ယူမည်မဟုတ်ဟု ဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ  ကန့်သတ်သတ်မှတ်ချိန်ပြင်ပဖြစ်သော နေ့အချိန်များတွင်လည်း မော်တော်ယာဉ်များ ခရီးသွားလာရာတွင် မှန်ချမောင်းနှင်ရန်နှင့် တာဝန်အရစစ်ဆေးခြင်းများကို ကြည်ဖြူစွာလက်ခံရန် ထုတ်ပြန်ချက်တွင် သတိပေးပန်ကြားထားသည်။

စစ်ကောင်စီဘက်ကလည်း ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် စစ်အင်အားတိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

“ဖြူးမြို့နယ်မှာလည်း အမြန်လမ်းတစ်လျှောက်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ နေရာချထားတယ်။ ကျောက်တံခါးမြို့နယ်မှာလည်း စစ်အင်အားတိုးလာတယ် ။ ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ အမြန်လမ်းတစ်လျှောက် ကင်းပုန်းတွေနဲ့ တပ်အထိုင်ချထားတာတွေရှိပါတယ်” ဟု ကျောက်တံခါးဒေသခံက မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်ဖြစ်ပြီး  KNU တပ်မဟာ  ( ၃) နယ်မြေအတွင်းပါရှိသော ညောင်လေးပင်မြို့နယ်၌လည်း စစ်ကောင်စီဘက်က  စစ်အင်အား တိုးချဲ့ဖြည့်တင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့်သတင်းပတ်အတွင်း စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မ ( ၇၇ )သို့ လာရောက်ကာ ပဲခူးတိုင်းအတွက် စစ်ဗျူဟာ လာချသွားသည်ဟုတပ်တွင်းသတင်းပေး၏ပြောဆိုချက်အရ သိရသည်။ ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့အနေဖြင့် အဆိုပါ သတင်းကိုကြားသိထားကြောင်းဆိုသည်။
တပ်မ (၇၇) သည်တောင်ပိုင်းတိုင်းစစ်​ဒေသနယ်မြေဖြစ်သော ပဲခူးတိုင်း ၊ ပဲခူးမြို့တွင်တည်ရှိသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မဇ္ဈိအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က  ပြီးခဲ့သည့် ဇွန်လအတွင်းက NUG ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် “ လမ်းများအားလုံးနေပြည်တော်သို့ “ စစ်ဆင်ရေးကိုချမှတ်ထားပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် နေပြည်တော်သို့ ဦးတည်ကာ ချီတက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားနှင့်အတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားတို့အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်u ဖောက်ခွဲဖျက်ဆီးကာ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ခဲ့သည်။

နတ်သံကွင်းတံတား ဖျက်ဆီးမှုအပြီး ပဲခူးတိုင်းအရှေ့ခြမ်းနှင့်  စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမြို့နယ်များတွင် စစ်ကောင်စီက စစ်အင်အားပိုမိုးတိုးမြှင့်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required