ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက် ဒေါ်လာ “ ၅၀၀,၀၀၀ ” ရှာဖွေရေး ကမ်ပိန်းပြုလုပ်မည် 

By ဂန္ဒမာ (မဇ္ဈိမ)
30 May 2023
ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက် ဒေါ်လာ “ ၅၀၀,၀၀၀ ” ရှာဖွေရေး ကမ်ပိန်းပြုလုပ်မည် 

ရန်ကုန်တိုင်းတွင် စစ်ဆင်ရေးများလုပ်ဆောင်နိုင်ရန် ဒေါ်လာ “၅၀၀,၀၀၀” ရှာဖွေရေးကမ်ပိန်း ကို ဇွန်လတွင်စတင်ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။

ရရှိလာသောဝင်ငွေများကို ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ တပ်ရင်း၊ တပ်ဖွဲ့များအား လက်နက်ခဲယမ်းနှင့် လိုအပ်သောအရာများဖြည့်တင်းရန်လည်းရှိနေပြီး ကမ်ပိန်းအမည်ကို “ရန်ကုန်အတွက် အလင်းစက်”ဟု အမည်ပေးထားသည်။

“ရန်ကုန်အတွက်အလင်းစက်က အဖွဲ့အစည်းတခုမဟုတ်ပါဘူး။ ပထမဆုံးပြုလုပ်မယ့် ကမ်ပိန်းပါ။ အခု ဒီကမ်ပိန်းကနေပြီးတော့ ပြည်တွင်းပြည်ပကထောက်ပို့တွေရဲ့ အားတွေကို ရန်ကုန်တိုင်းစစ်ဆင်ရေးတွေ အတွက် အခု page (ရန်ကုန်အတွက် အလင်းစက်)လေးကနေတဆင့် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ် ” ဟု ကမ်ပိန်းတာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းကို ဇွန်လ ၁ ရက်နေ့တွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဝန်ကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ဘက် ဆိုင်ရာတာဝန်ရှိသူများ၊ တော်လှန်အနုပညာရှင် ညီအစ်ကိုမောင်နှမများနှင့်အတူ ကမ်ပိန်းဖွင့်ပွဲ Live Meeting ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အတွက်အလင်းစက်အဖြစ် ထွန်းလင်းပေးခဲ့သည့် ကိုမောင်ကျော်(ခ) ဖြိုးဇေယျာသော်ကို ဂုဏ်ပြု လေးစားအောက်မေ့သည့်အနေဖြင့် ဖေစ့်ဘွတ်ပေ့ချ်အမည်ကို “ရန်ကုန်အတွက် အလင်းစက်” ဟူ၍ ပေးရခြင်းဟု ဆိုသည်။

ထိုပေ့ချ်မှတဆင့် CRPH-OFP Fund Raiser ဖြစ်သော GenY for Revolution International and Japan နှင့် ရန်ကုန်တိုင်းစစ်ဆင်ရေးရုံး၏ ဘဏ္ဍာရေးဌာနတို့ အတူတကွဖန်တီးထားသည့်  Fund Raising Program များပြုလုပ်သွားရန်ရှိနေကြောင်းလည်း သိရသည်။

“ရန်ကုန်အတွက် အလင်းစက်”ကမ်ပိန်းကို နိုင်ငံအသီးသီးမှ Fund raiser မောင်နှမများ၊ ပြည်တွင်း၊ ပြည်ပ မှပြည်သူများ၏ အလင်းစက်များဖြင့် စုပေါင်းပါဝင်ထွန်းညှိပေးကြပေးပါရန်လည်း ရေးသားတောင်းဆို ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly