စစ်တောင်းမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသစိုးမိုးရေး စစ်ဆင်ရေးများဆောင်ရွက်နေ ဟု NUG ပြော

By 001 (မဇ္စျိမ)
12 October 2023
စစ်တောင်းမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသစိုးမိုးရေး စစ်ဆင်ရေးများဆောင်ရွက်နေ ဟု NUG ပြော

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ခိုက်နိုင်ရန် စစ်ဆင်ရေးကြီးများကို ဆောင်ရွက်နေပြီး အဓိကစစ်ဆင်ရေးများအနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ စိုးမိုးရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က နွေဦးတော်လှန်ရေးသတင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီစစ်ဆင်ရေးတွေအနေနဲ့က ရန်သူ့စိုးမိုးနယ်မြေတွေကို ထိုးဖောက်ပြီးတော့ ဝင်ရောက်တိုက်ခိုက်ရတဲ့ စစ်ဆင်ရေးတွေဖြစ်တဲ့အတွက် မဟာဗျူဟာအရ ကျွန်တော်တို့အတွက် အင်မတန်ကို အရေးကြီးတဲ့ စစ်ဆင်ရေးတွေလို့လည်း ပြောလို့ရပါတယ်” ဟုဆိုသည်။

လက်ရှိတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ အနောက်ဘက်ခြမ်းဖြစ်သည့် စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးကို ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်း၏ ဒေသအချို့ ပါဝင်သည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသ စိုးမိုးရေးအတွက်ကိုလည်း စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

စစ်ဆင်ရေးနယ်မြေနှစ်ခု၏အလယ်တွင် မဟာဗျူဟာအရအလွန်အရေးပါသည့် ပဲခူးရိုးမရှိပြီး အဆိုပါ ပဲခူးရိုးမဒေသကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများ က ထိုးဖောက်ဝင်ရောက်ပြီး စခန်းသိမ်းတိုက်ပွဲများ၊ စစ်ကောင်စီ၏ စစ်ကြောင်းအား ကြားဖြတ် တိုက်ခိုက် ခြင်းတို့ ဆောင်ရွက်နိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ဦးမောင်မောင်ဆွေက “အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးနိုင်ဖို့ နည်းမျိုးစုံနဲ့ ပြန်လည်လုပ်ဆောင်နေပေမယ့်လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တွေသာ ပိုမိုပြီးတော့ ထိုးဖောက်ဝင်ရောက်လာနိုင်တယ်။ ပိုမိုပြီးတော့ စိုးမိုးလာနိုင်နေပြီဆိုတာလည်း ထပ်လောင်းပြီးတော့ တင်ပြချင်ပါတယ်”ဟု ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းတွင်ရှိသည့် စစ်ကောင်စီ၏ ခါချဉ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ဘီးချောင်းကုန်းကို စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ပြီး ၁၆ ဦးကို ချေမှုန်းနိုင်ခဲ့ခြင်းနှင့် အမြန်လမ်း ၁၆၂ မိုင်တွင်ရှိသည့် ဆိတ်ဖူးတောင်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required