လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလို၍ ဖောက်ခွဲမှုများပြုလုပ်ခြင်းဟုဆို

By ဂန္ဒမာ (မဇ္ဈိမ)
07 June 2023
လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလို၍ ဖောက်ခွဲမှုများပြုလုပ်ခြင်းဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အား လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလိုသည့်အနေဖြင့် ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်က ဆောက်လုပ်ရေးမှတ်တိုင်နဲ့ အောက်ထိပ်မီးပွိုင်ကြား မှာဖြစ်တာဗျ။ ရန်သူကတော့ ပေါက်ကွဲတဲ့နေရာတွေကို လိုသလို ဝါဒဖြန့်ထားတယ်။"ဟူ၍ မြေပြင်တွင် အမှန်တကယ် ဗုံးပေါက်ကွဲသည့်နေရာအား လှိုင်သာယာမြေပြင် ကင်းထောက်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ နံနက် ၅နာရီ ၂၇ မိနစ်တွင် ပထမအကြိမ်၊  ၅နာရီ ၄၂ မိနစ်၌  ဒုတိယအကြိမ် ဗုံးနှစ်လုံးဆက် ထပ်မံပေါက်ကွဲခဲ့ပြီး ၅နာရီ ၅၂မိနစ်၌ တတိယအကြိမ် ဗုံးနှစ်လုံးဆက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထိုသို့ ဗုံးများပေါက်ကွဲပြီးနောက် နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ ဘုတ်ဆုံမ စက်ရုံရှေ့လမ်းအား တစ်လမ်းသွားပုံစံပြုလုပ်ကာ ဘုတ်ဆုံမစက်ရုံအကျော်နားတွင် စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး  စစ်ဆေးမှုများပြုလုပ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်မြေသာယာဘုရားလမ်းထိပ်(ပုသိမ်လမ်း)ဘက်မှ အောက်ထိပ်ဘက်အထွက်လမ်းတစ်ခြမ်းကို ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များက ပိတ်ဆို့ပြီး စစ်ကောင်စီတပ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးနှင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ရှိကာ စောင့်ကြပ်နေကြောင်းသိရသည်။

ယနေ့ပြုလုပ်သည့် စစ်ဆင်ရေးမှာ မြို့ပြမြေပြင်တိုက်ခိုက်ရေးအင်အားစုတစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြေပြင်ကင်းထောက်မှ အတည်ပြုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly