လှိုင်သာယာတွင် ဘေးတွဲဆိုင်ကယ်များကိုပါ နေအိမ်အတွင်းများအထိ လိုက်လံဖမ်းဆီးသိမ်းဆည်း

By ကီရာ (မဇ္ဈိမ)
10 May 2023
လှိုင်သာယာတွင် ဘေးတွဲဆိုင်ကယ်များကိုပါ နေအိမ်အတွင်းများအထိ လိုက်လံဖမ်းဆီးသိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ်(၂၀) ရပ်ကွက်၊ မီးခွက်ဈေး ၊ရွေလင်ဗန်း၊ အောက်ထိပ်၊ ကျောင်းရှေ့မှတ်တိုင် အစရှိသည့် နေရာများတွင် စစ်ကောင်စီအဖွဲ့ဝင်များမှ ဆိုင်ကယ်များနှင့် ဘေးတွဲဆိုင်ကယ်များကို လိုက်လံဖမ်းဆီးသိမ်းဆည်းနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထို့အပြင် နေအိမ်ဧည့်စာရင်းလိုက်လံစစ်ရာမှ နေအိမ်အတွင်းတွေ့ရှိသည့် ‌ဆိုင်ကယ်များနှင့် ဘေးတွဲဆိုင်ကယ်များကိုပါ ဖမ်းဆီးသိမ်းဆည်းမှုလုပ်ဆောင်ကြကြောင်း သိရသည်။

" ဘေးတွဲဆိုင်ကယ်တွေသိမ်းတော့ အဲ့ဒါဆို ကျွန်တော်တို့ကဘာလုပ်စားရတော့မှာလဲ မေးတော့ ဆိုက်ကားနင်းစားလို့ ပြောတယ်။ ဆိုင်ကယ်တွေကပြန်မရဘူး ယူသွားပြီးရင်အပြီးသိမ်းတယ်။  စစ်ခွေးရဲခွေးတွေကအကုန်သိမ်းတာရပ်ထားတာတွေ့ရင်လဲ ယူသွားတယ်။အရင်တုန်းက မီးပွိုင့်တွေ လမ်းဆုံတွေမှာပဲဖမ်းတာ"ဟု    ဘေးတွဲ‌ဆိုင်ကယ်မောင်းသူတစ်ဦး က ပြောသည်။

ထိုသို့ အရပ်သားပြည်သူများ၏ ဆိုင်ကယ်နှင့် ဘေးတွဲများကို လိုက်လံဖမ်းဆီးသိမ်းဆည်းနေသော်လည်း မြို့နယ်အုပ်ချုပ်သူများနှင့် နီးစပ်သူများမှာ ဓားအတိုများ အမြဲကိုင်ဆောင်ကြပြီး အော်တိုဆိုင်ကယ်များစီးနင်းလျှက်ရှိနေသည်ဟု သိရသည်။

ထို့အပြင် လှိုင်သာယာမြို့နယ်တွင် ည ၆နာရီနောက်ပိုင်းမှစ၍ ယာဉ်လိုင်းများသွားလာမှုများ နည်းပါးသွားသည့်အတွက်  သွားရေးလာရေးအခက်အခဲရှိကြောင်းနှင့် ယခုကဲ့သို့ ဘေးတွဲဆိုင်ကယ်များပါ ဖမ်းဆီးခံနေရသည့်အတွက် ဘေးတွဲဆိုင်ကယ်မောင်းသူများသည်လည်း အခက်အခဲ‌များနှင့် တွေ့ကြုံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" အခုက ည ၆နာရီခွဲလောက်ဆိုရင် လိုင်းကားတွေက သိပ်မရှိတော့ဘူး။ သွားရေးလာရေး အဆင်မပြေဘူး။ မြို့ထဲထိမပြောနဲ့ လှိုင်သာယာထဲတောင် သွားဖို့အဆင်မပြေဘူး။ ပြီးတော့ ဘေးတွဲသမားတွေက မရှိလို့ လုပ်စားနေရတာပါ။ အဲ့လိုတွေအထိတောင်လိုက်ဖမ်းတော့ သူတို့ဘယ်လိုလုပ်ကိုင်စားရတော့မလဲဗျာ "ဟု ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly