ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်ကယ်ရီများကို ရပ်ကွက်တံဆိပ်ပါ အင်္ကျီ ကျပ်၁၀,၀၀၀ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရောင်း၊ ဖမ်းဆီးခံရပါက တာဝန်မယူဟုဆို

By မဇ္ဈိမ 
14 June 2023
ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်ကယ်ရီများကို ရပ်ကွက်တံဆိပ်ပါ အင်္ကျီ ကျပ်၁၀,၀၀၀ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရောင်း၊ ဖမ်းဆီးခံရပါက တာဝန်မယူဟုဆို

ရန်ကုန်တိုင်းအတွင်း ဘေးတွဲဆိုင်ကယ်ကယ်ရီ‌ မောင်းနှင်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အမည်ပါ အင်္ကျီတစ်ထည် ကျပ် ၁၀,၀၀၀ဖြင့်ရောင်းချနေပြီး စစ်တပ်နှင့်ရဲက ဖမ်းဆီးပါကတာဝန်မယူကြောင်းလည်း ကယ်ရီမောင်းသူများကပြောသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့ရှိရပ်ကွက်ရုံးများတွင် ယခုရက်ပိုင်းအတွင်း  ဘေးတွဲဆိုင်ကယ်မောင်းသူများအား  အသိအမှတ်ပြုကဒ်ပြား၊နံပါတ်နှင့်ရပ်ကွက်အမည်ပါအင်္ကျီများကို အခကြေးငွေယူကာ  ထုတ်ပေးနေခြင်းဟု သိရသည်။

"‘ရပ်ကွက်အုပ်ချုပ်ရေးမှူးကရပ်ကွက်ထဲမှာ ဘေးတွဲမောင်းတဲ့သူတွေကို စာရင်းလိုက်ကောက်တယ်။ပြီးတော့ အုပ်ချုပ်ရေးမှူးက ဓာတ်ပုံနဲ့အတူ ထောက်ခံပေးထားတယ်။ရပ်ကွက်တံဆိပ်ပါတဲ့ ကုတ်အင်္ကျီတံဆိပ်ကဒ်ပြားထုတ်ပေးထားတယ်။တစ်ထည်ကိုတော့ ၁၀,၀၀၀ပေးရတယ်" ဟု ဘေးတွဲဆိုင်ကယ်မောင်း သူတစ်ဦးကပြောသည်။

အင်္ကျီတစ်ထည် ကျပ် ၁၀,၀၀၀ဖြင့်ရောင်းချသော်လည်း စစ်တပ်နှင့်ရဲက ဖမ်းပါက တာဝန်မယူဟုရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောကြောင်း ၎င်းက ဆိုသည်။
 
"  ရပ်ကွက်ထဲမှာမောင်းသူကို‌တော့မဖမ်းဘူးပေါ့။အပြင်လမ်းမပေါ်တွေမှာ စစ်တပ်၊ရဲတွေ စစ်ပြီးဖမ်းရင် တော့တာဝန်မယူဘူး။ ကိုယ့်ဖြစ်ကိုယ်ခံဆိုပြီးခေါ်ပြောတယ်’’ဟုဆိုသည်။

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊မင်္ဂလာဒုံနှင့် ထောက်ကြံ့မြို့တို့တွင် ဆိုင်ကယ်ကယ်ရီနှင့် ဘေးတွဲဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ အများအပြားရှိနေသည်။စစ်တပ်က န်ိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်ကယ်ရီနှင့်ဘေးတွဲကယ်ရီများကို ဖမ်းဆီးနေပြီး မောင်းနှင်ခွင့်လည်း  ပိတ်ပင်ထားသည်။ တစ်ဖက်တွင်လည်း ယင်းလုပ်ငန်းဖြင့် အသက်မွေးသူများက စစ်တပ်နှင့် ရဲကို တတ်နိုင်သ၍ ရှောင်ရှားကာ  ဆက်လက်မောင်းနှင်နေကြသည်။

ဘေးတွဲဆိုင်ကယ်တစ်စီးလျှင် အနည်းဆုံး ၈သိန်းဝန်းကျင်တန်‌ကြေးရှိနေပြီး အုံနာခတစ်နေ့လျင် ကျပ်၃,၀၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။  စစ်တပ်နှင့်ရဲများဖမ်းဆီးပြီးဆိုင်ကယ်အသိမ်းခံရပါက အမျိုးအစားပေါ်မူတည်ပြီး ၅သောင်းမှ သိန်းဂဏန်းဝန်းကျင်ထိပေးကာ ရွေးယူရသည်ဟု ဘေးတွဲဆိုင်ကယ်မောင်းသူများကပြောသည်။

စစ်ကောင်စီ၏ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်က ဘေးတွဲဆိုင်ကယ်များကို  အရေးယူရန် ပြောကြားထားကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly