ကင်မွန်းချောင်းနယ်မြေရဲစခန်းနှင့် မြေယာစီမံကိန်းရုံး တိုက်ခိုက်ခံရ

By YT  ( မဇ္ဈိမ)
20 June 2023
ကင်မွန်းချောင်းနယ်မြေရဲစခန်းနှင့် မြေယာစီမံကိန်းရုံး တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၁) နယ်မြေအတွင်း ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းနှင့် အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံး တိုက်ခိုက်ခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်၊ အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။

“ကင်မွန်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ပါတယ်၊ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု သထုံ ခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကင်မွန်းနယ်မြေရဲစန်းတွင် စစ်ကောင်စီတပ်သားနှင့်ရဲ စုစုပေါင်း ၁၅ ဦးခန့် စခန်းချနေထိုင်ပြီး ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းပေါ်မှပစ်ချတိုက်ခိုက်သော ဗုံးသီးအများစုသည် ပစ်မှတ်တည့်တည့်ကို ထိမှန် ခဲ့ကြောင်း PDF သတင်းရင်းမြစ်တဦးကလည်း ပြောသည်။

“ပစ်မှတ်တည့်တည့်ကိုကျတာများပါတယ်၊ စခန်းအထဲမှာက စစ်ကောင်စီရော ရဲရော စုစုပေါင်း ၁၅ ယောက် လောက်ရှိတယ်ဗျ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD  ၊ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ၊ Yangon Eagle Force၊ ကျိုက်ထို ပ.က.ဖ ပူးပေါင်းအဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲစခန်းအတွင်းမှ လက်နက်ကြီးသုံးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိ အခိုက်မရှိခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။

အလားတူ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်ရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးလည်း ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဗုံးတလုံးဖြင့် တိုက်ခိုက်ခံခဲ့ရ ကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗုံးပေါက်ကွဲလို့ ရုံးအဆောက်အဦးတဝက်ဝန်းကျင် ပြိုကျပျက်စီးပြီး လူအထိခိုက်တော့ မရှိဘူးကြားပါ တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ဗုံးဖောက်ခွဲခံရမှုကြောင့် အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးအဆောက်အဦး၏ ယာဘက်ခြမ်းနှင့်အမိုး ပျက်စီးခဲ့ကြောင်း သိရသည်။

အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးသည် တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်အနီးတွင် တည်ဆောက်ဆဲရုံး ဖြစ်သည်။ ထိုရုံးတွင် ပုံမှန်ရုံးတက်သော ဝန်ထမ်းများရှိသော်လည်း ဗုံးဖောက်ခွဲခံရ ချိန်၌ ရုံးအတွင်း လူတဦးမျှ မရှိကြောင်း သိရသည်။

အဆိုပါ မြေယာစီမံကိန်းရုံးကို မည်သည့်အဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ဘီးလင်းပြည်တွင်း အခွန် များဦးစီးဌာနရုံးအား ဘီးလင်းမြို့နယ်၊ ပ.က.ဖ အဖွဲ့ကဗုံးနှစ်လုံးဖောက်ခွဲခဲ့ရာ အခွန်ဦးစီးမှူးရုံး အဆောက် အအုံ ပျက်စီးခဲ့ပြီး ဘေးကပ်ရှိ စာရင်းစစ်ရုံးပါ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly