မတ္တရာတွင် ကြံ့ဖွံ့ရပ်/ကျေးဥက္ကဋ္ဌဟောင်း အုပ်ကြီး အသတ်ခံရ

By 007 (မဇ္ဈိမ)
15 June 2023
မတ္တရာတွင် ကြံ့ဖွံ့ရပ်/ကျေးဥက္ကဋ္ဌဟောင်း အုပ်ကြီး အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဇွန်လ ၁၄ ရက် ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဥက္ကဋ္ဌဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက် ရကြောင်း သတင်းရရှိသည်။

“နာမည်က ဦးဖိုးကျော်တဲ့၊ တူးမြောင်းဘောင်ပေါ်မှာ သေနတ်နဲ့လေးငါးခြောက်ချက်လောက် အပစ်ခံရပြီး ပွဲချင်းပြီးဂန့်(သေ)တာ၊ အရင်က ကြံ့ဖွံ့ဥက္ကဋ္ဌလုပ်ခဲ့တယ်၊ စစ်တပ်အာဏာသိမ်းတော့ အုပ်ကြီးဆက်လုပ် တယ်၊ မနေ့က ညနေပိုင်းက ဂန့်(သေ)တာ” ဟု ဒေသခံတစ်ဦးကပြော သည်။

အသတ်ခံရသူမှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော် (၅၄ နှစ်)ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က လက်ဖက်ရည်ဆိုင်မှအိမ်သို့ပြန်လာစဉ် ရေနံ့သာကျေး ရွာအနီးရှိ တူးမြောင်းဘောင်ပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“လည်ပင်းဖောက်၀င် ဒဏ်ရာအပါအ၀င် ဒဏ်ရာတွေအများကြီးနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်” ဟု နီးစပ်သူတဦးကပြောသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းအထိ မသိရသေးသော်လည်း PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စုလော်ဘီ သတင်းရပ်ကွက် ကဆိုသည်။

မတ္တရာမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့ကလည်း ဘိုကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုး၀င်း(၆၀ နှစ်)ဆိုသူ နေအိမ်ခြံ၀င်းအတွင်း သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရ သေးပေ။

မတ္တရာမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်သတ်ခံထားရသည့် ပိုင်ရှင်မဲ့အမျိုးသား အလောင်းသုံးလောင်း တွေ့ရှိခဲ့ရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly